
ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲကို မတ် ၃၁ ရက် ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲသွားတာကြောင့် နေအိမ်တွေ မီးလောင်နေပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကင်းထောက် မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က အခု မတ်လအတွင်းမှာ ၄ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စဥ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိက “လက်ပန်လှရွာက ငလျင်ဒဏ် ခံစားခဲ့ရလို့ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲပဲ ရှိသေးတယ်ဗျ။ အခု ဗုံးကြဲတာ ထပ်ခံရတာပါ။ လက်ပန်လှရွာကို မတ်လထဲမှာ ၃ ကြိမ်မြောက်အထိ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရတဲ့ပြည်သူ ၄၀ ဝန်းကျင် ရှိပါတယ်။ အခု ထပ်အကြဲခံရတာက မတ်လအတွင်း ၄ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ ထိခိုက်သေဆုံးတဲ့သူ ဘယ်လောက်အထိ ရှိမလဲဆိုတာ မပြောတတ်သေးပါဘူး” လို့ ပြောပါတယ်။
မတ် ၃၁ ရက် ညဦးပိုင်းအထိ ဗုံးကြဲခံရတဲ့ လက်ပန်လှကျေးရွာက ပြည်စိုးအောင်ရပ်ကွက်မှာရှိတဲ့ လူနေအိမ်တွေ မီးလောင်နေလို့ ဝိုင်းဝန်း ငြှိမ်းသတ်နေကြပါတယ်။
စစ်ကောင်စီတပ်ဟာ လက်ပန်လှရွာကို မတ် ၄ ရက်မှာ တကြိမ်၊ မတ် ၁၄ ရက်မှာ တကြိမ်၊ မတ် ၁၇ ရက်မှာ တကြိမ် လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ အယောက် ၄၀ လောက် သေဆုံးခဲ့သလို စာသင်ကျောင်း၊ စျေးဆိုင်ခန်းတွေနဲ့ လူနေအိမ်အများအပြားလည်း ထိခိုက် မီးလောင်ပျက်စီးခဲ့ပါတယ်။
လက်ပန်လှကျေးရွာဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ နှစ်အလယ်ပိုင်းမှာ သိမ်းပိုက်ရရှိထားပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေ လူစုလူဝေးမလုပ်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် သတိပေး ထုတ်ပြန်နေပါတယ်။
ငလျင်ဒဏ်သင့်ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်နိုင်ဖို့အတွက်လည်း ငလျင်ဘေးသင့်တဲ့ ဒေသတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိုးစစ် ၂ ပတ်ကြာ ရပ်နားထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြေညာထားပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ မရပ်ဘဲ ဆက်တိုက် လုပ်နေတာဖြစ်ပါတယ်။