Home
မြန်မာသတင်း
မြန်မာ့ငလျင်ဘေးအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် အရေးပေါ်တောင်းခံ
DVB
·
March 31, 2025
Photo : United Nations

အင်အားပြင်း ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒေါ်လာ ၈ သန်းအထိ အရေးပေါ် လိုအပ်နေတယ်လို့ အလှူရှင်နိုင်ငံတွေကို တောင်းခံလိုက်ပါတယ်။

အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး ပြင်းအားရှိတဲ့ အဲဒီငလျင် လှုပ်ခတ်မှု နောက်ဆက်တွဲအဖြစ် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေပါ ဒီ့ထက်ဆိုးရွားလာနိုင်ကြောင်း  အကူအညီပေးရေးအဖွဲ့တွေ အနေနဲ့ သတိပေးထားပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေကို တုံ့ပြန်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) က ဒေါ်လာ သန်း ၁၀၀ လောက် အရေးတကြီး လိုအပ်နေတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ဒီငလျင်လှုပ်ခတ်မှုအပြီး ၄ ရက်အကြာမှာတင် သေဆုံးသူ ၃,၀၀၀ ဝန်းကျင် ရှိနေပြီဖြစ်သလို နောက်ထပ် ၃,၅၀၀ ခန့် ဒဏ်ရာရရှိကာ ရာနဲ့ချီပြီး ပျောက်ဆုံးနေတယ်လို့လည်း DVB ရဲ့ နောက်ဆုံး အချက်အလက်တွေအရ သိရပါတယ်။

အဲဒီနောက် ဘန်ကောက်မြို့က ဆောက်လက်စ အထပ်မြင့်တိုက် ပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေတဲ့ မြန်မာအများစု အပါအဝင် ဆောက်လုပ်ရေးလုပ်သား ၇၆ ယောက်ကို ကယ်ထုတ်နိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ဘူမိဗေဒစစ်တမ်းဌာန (USGS) ကတော့ ငလျင်ဗဟိုချက်ကို စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၀ မိုင်အကွာမှာဖြစ်တယ်လို့ အတည်ပြုပါတယ်။

USGS ရဲ့ ခန့်မှန်းချက်အရလည်း ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူဦးရေ ၁၀,၀၀၀ ကျော် ရှိနိုင်တဲ့အပြင် ပျက်စီးဆုံးရှုံးမှုတွေဟာ တနှစ်စာ စီးပွားရေးထုတ်လုပ်မှု တန်ဖိုးထက်ပါ ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။

အခုလိုမျိုး ရာသီဥတုပူပြင်းလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ သန့်ရှင်းတဲ့ ရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးမျိုးစုံ လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က သတိပေးထားပါတယ်။

ICRC ရဲ့ တာဝန်ရှိသူ Arnaud de Baecque ကတော့ “လာမယ့် ရက် ၃၀ အတွင်း အသက်ကယ်ကုသမှု ပေးနိုင်ဖို့၊ ကူးစက်ရောဂါကာကွယ်ဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပြန်ရလာဖို့အတွက် လှူဒါန်းမှုတွေကို လိုအပ်တယ်" ဆိုပြီး မှတ်ချက်ပြုပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေကလည်း မြန်မာနိုင်ငံကို “အမြင့်ဆုံး အရေးပေါ်အဆင့်နဲ့အတူ တုံ့ပြန်ဆောင်ရွက်ပေးနေကြောင်း” ထုတ်ပြန်ထားပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံမှာ ပြင်းအား ၉ ဒသမ ၁ အထိရှိတဲ့ ငလျင်ကြီးကြောင့် လူပေါင်း ၂၂၈,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

သမိုင်းတလျှောက် အကြီးမားဆုံးငလျင်ဟာ ၉ ဒသမ ၅ ရစ်ချ်တာစကေးရှိပြီး ၁၉၆၀ ပြည့်နှစ်အတွင်း ချီလီနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။

(အမှားပြင်ဆင်ချက်။ ။ အထက်ပါသတင်းနဲ့ပတ်သက်ပြီး မူလသတင်းခေါင်းစဉ်နဲ့ သတင်းမှာ ဒေါ်လာ သန်း ၁၀၀ ကျော် "ICRC" က တောင်းခံတဲ့အကြောင်း ရေးသားဖော်ခဲ့တာကို ပြန်လည်ပြင်ဆင်ရေးသားလိုက်ရပါသည်။ အမှန်မှာ "IFRC"က တောင်းခံခြင်းဖြစ်သည်။ မှားယွင်းမှုအတွက်လည်း DVB အနေနဲ့ ICRC ကို တောင်းပန်အပ်ပါသည်။ )

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013