Home
မြန်မာသတင်း
ငလျင်ကြောင့် မြန်မာကလေးငယ် သန်းနှင့်ချီ မြင့်မားသည့် အန္တရာယ်ကြုံနေရဟု UNICEF ပြော
DVB
·
March 31, 2025
Photo: UNICEF Myanmar

ပြီးခဲ့တဲ့ရက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် သန်းနဲ့ချီတဲ့ မြန်မာကလေးငယ်တွေဟာ မြင့်မားတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတဲ့အကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မတ် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ကလေးငယ်တွေနဲ့ မိသားစုတွေအပေါ် သက်ရောက်မှု ပြင်းထန်လာနိုင်ကြောင်း သတိပေးလိုက်သလို အသက်ကယ် အကူအညီတွေ အရေးပေါ်တုံ့ပြန်ကြဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုထားတာပါ။

UNICEF အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကက်သရင်း ရပ်ဆဲလ်က “ဒီငလျင်က မြန်မာနိုင်ငံက ကလေးတွေအတွက် နောက်ထပ် ရက်စက်ကြမ်းကြုတ်တဲ့ ထိုးနှက်ချက်ဖြစ်ပြီး အများစုဟာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ နေရေးထိုင်ရေးတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရပြီ။ မိနစ်ပိုင်းအတွင်းမှာပဲ သူတို့ဟာ ချစ်ခင်ရသူတွေ၊ နေအိမ်တွေ၊ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ဆုံးရှုံးလိုက်ရတယ်။ လိုအပ်ချက်တွေက နာရီနဲ့အမျှ များပြားလာနေပါတယ်” လို့ ပြောပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၂,၉၂၈ ယောက်အထိ ရှိနေပြီလို့ မတ်လ ၃၁ ရက်မနက်အထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

လူပေါင်း ၁ သန်းခွဲလောက်နေထိုင်တဲ့ မန္တလေးမှာ သာသနိကအဆောက်အအုံတွေ၊ လမ်းတံတားတွေ ထိခိုက်ပျက်စီးခဲ့ရပြီး တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာလည်း ဆောက်လက်စ အထပ်မြင့်တိုက်တလုံး ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် ‌နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ သေဆုံးသူ များခဲ့ပြီး လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အအုံတွေ၊ စေတီပုထိုးနဲ့ ဘာသာရေး အဆောက်အုံတွေ အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

UNICEF အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကက်သရင်း ရပ်ဆဲလ်ကတော့ မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ အကျပ်အတည်းပေါ် အကျပ်အတည်းဆင့်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရသလို ကလေးသူငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ အသက်ကို ကယ်တင်နိုင်ရေး အရင်းအမြစ်တွေ အရေးတကြီး လိုအပ်နေတယ်လို့ ပြောလိုက်ပြီး ဘေးဒဏ်သင့်ဒေသတွေဆီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့လည်း ဘေးကင်းလျင်မြန်စွာနဲ့ အတားအဆီးမရှိ ဝင်ထွက်ခွင့်ရရှိဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

ဒီမတိုင်ခင်တုန်းကလည်း လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ် ၆ သန်းခွဲနီးပါး အကူအညီလိုအပ်နေတဲ့အကြောင်း UNICEF အဖွဲ့က ထုတ်ပြန်ထားခဲ့သလို အိုးမဲ့အိမ်မဲ့ ၃ ယောက်မှာ တယောက်က ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလို လိုအပ်ချက် ကြီးကြီးမားမားရှိနေတာက ကလေးသူငယ်တွေနဲ့ အရပ်သားတွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေကို မီးမောင်းထိုးပြနေတာဖြစ်ပြီး မျိုးဆက်တခုလုံး နောက်ကျကျန်နေခဲ့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာလို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013