Home
မြန်မာသတင်း
ငလျင်ဒဏ်သင့်ပြည်သူများကို ပံ့ပိုးကူညီသွားမည်ဟု KIO ထုတ်ပြန်
DVB
·
March 31, 2025

မြန်မာနိုင်ငံတဝန်း အင်အားပြင်းငလျင်ဒဏ်ကြုံတွေခဲ့ရပြီး ၄ ရက်ကြာ ဒီနေ့အချိန်ထိ ထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက်ဆိုသလို တိုးလာနေဆဲဖြစ်ပြီး အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နဲ့ ကချင်လူထုတရပ်လုံးက တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

မြေငလျင်ဘေးဒဏ်သင့်ခံစားရတဲ့ တနိုင်ငံလုံးက ဒေသခံပြည်သူတွေနဲ့ ထပ်တူ ကြေကွဲ ဝမ်းနည်းရတဲ့အပြင် မြို့ ၊ ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

KIO တပ်ဖွဲ့ဝင်တွေအနေနဲ့ မြေငလျင်ဘေးဒဏ်သင့်ဒေသတွေကို သွား‌ရောက်အကူအညီပေးရန် အခက်အခဲတွေ ရှိနေပေမယ့်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို နေ့ညမပြတ် အားကြိုးမာန်တက် ဆောင်ရွက်နေကြတဲ့ အသင်းအဖွဲ့တွေ ၊ လူပုဂ္ဂိုလ် တဦးချင်းနဲ့ နိုင်ငံတကာက လာရောက်ကူညီတဲ့အဖွဲ့အစည်းတွေကိုလည်း အထူးလေးစားကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။

မတ် ၂၈ ရက် မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအတွင်းရှိ မြို့ရွာတွေမှာ လူ့အသက်ပေါင်းစွာ သေဆုံးတာ၊ ထိခိုက်တာ၊ ပျောက်ဆုံးနေတာတွေအပြင် လမ်း တံတားတွေနဲ့ လူနေအိမ်ပေါင်းမြောက်မြားစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013