
အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိနေတဲ့ မန္တလေးမြို့က တောင်အင်း၊ မြောက်အင်း သုသာန်နဲ့ ကြာနီကန်သုသာန်တွေမှာ သေဆုံးသူ ရုပ်အလောင်းတွေ စုပုံနေတာကြောင့် သင်္ဂြိုဟ်ဖို့ စောင့်ဆိုင်းနေကြရတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ မန္တလေးဒေသခံတယောက်က ပြောပါတယ်။
မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတယောက်က “နာရေးကားတွေ တစီးပြီးတစီး ရောက်လာတယ်၊ ငိုကြ ယိုကြနဲ့ပါပဲ သင်္ဂြိုဟ်ကြတယ်။ သင်္ဂြိုဟ်တဲ့ အခါမှာ တချို့တွေကို လက်မခံတော့ဘူး။ ဒီမှာလည်း ပုံနေတဲ့သူတွေများတော့ ကြာနီကန်ကို လွှဲတယ်ပေါ့နော်။ ကြာနီကန်မှာလည်း များတယ်ဆိုတော့ တချို့ကျလည်း ဒီမှာပဲ ရအောင် သင်္ဂြိုဟ်မယ်ဆိုပြီး စောင့်နေကြတယ်။ သင်္ဂြိုဟ်တဲ့အခါမှာလည်း ရောက်လာရင် ဒီအတိုင်းထည့်ပြီး သင်္ဂြိုဟ်တာ မဟုတ်ဘူးလေ၊ ရပ်ကွက်ထောက်ခံစာ၊ သေဆုံးကြောင်း ထောက်ခံစာ တောင်းတယ်ပေါ့နော်။ တချို့ကျတော့ ဆေးရုံတွေကနေ ဒီတန်းရောက်လာတော့ ထောက်ခံစာတွေ မရှိတော့ ပြန်ကြရတာမျိုးလည်း တွေ့ခဲ့တယ်။ အလောင်းတွေက အထဲမှာ သင်္ဂြိုဟ်ဖို့ ပုံထားတဲ့ဟာတွေလည်း များတယ်။ အပြင်မှာလည်း အလောင်းတွေထပ်နေတယ်” လို့ ပြောပါတယ်။
မတ် ၂၈ ရက် မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် နိုင်ငံတဝန်း ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့သလို လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များပြားနေဆဲ ဖြစ်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် လှုပ်ခတ်အပြီး ၃ ရက်ကျော်အကြာ ဒီကနေ့ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီအထိ DVB က ကောက်ယူရရှိတဲ့ စာရင်းအရ မြန်မာနိုင်ငံအနှံ့ သေဆုံးသူ ၂,၆၀၁ ယောက်အထိ ရှိလာပြီဖြစ်ပြီး မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းမှာ သေဆုံးသူ ၁,၇၉၀ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။
ကေခိုင်