Home
မြန်မာသတင်း
မြန်မာငလျင်အတွက် နိုင်ငံတကာ အကူအညီနှင့် တုံ့ပြန်ဆောင်ရွက်မှုများ
DVB
·
March 30, 2025

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ ဒေသတွင်းက မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက ထောက်ပံ့ကူညီပေးမှုတွေနဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ အင်းဝ၊ တောင်ငူ၊ ကျောက်ဆည်၊ အောင်ပန်း၊ အင်းလေး၊ တောင်ကြီး၊ နေပြည်တော် စတဲ့ဒေသတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ များခဲ့ပါတယ်။

နိုင်ငံတကာအကူအညီတွေနဲ့ ပတ်သက်လို့ ငလျင်လှုပ်ခတ်ပြီးပြီးချင်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြန်မာငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီပေးမယ်လို့ ပြောဆိုပါတယ်။ တရုတ်နိုင်ငံကတော့ အရေးပေါ်အကူအညီ ယွမ်သန်း ၁၀၀ ထောက်ပံ့တာကိုတော့ မတ် ၂၈ ရက် ကတည်းက ကူညီပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုရှား၊ တရုတ်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က ကယ်ဆယ်ရေးအသင်းတွေ၊ ဆရာဝန်တွေ စေလွှတ်ပေးထားပါတယ်။ အိန္ဒိယနိုင်ငံကတော့ ကူညီကယ်ဆယ်ရေးအသင်းနဲ့ ဆေးတပ်သားတွေ စေလွှတ်ထားပြီး ကယ်ဆယ်ရေးပစ္စည်း ၁၅ တန်ကိုလည်း ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ထောက်ပံ့ပေးဖို့ အသင့်ရှိကြောင်း ပြောဆိုထားပါတယ်။

အီရန်နိုင်ငံကတော့ ငလျင်ဒဏ်သင့် ပြည်သူတွေကို လူသားစာနာ အကူအညီတွေ ပေးမယ်လို့ မတ်လ ၂၉ ရက် အီရန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဩစတြေးလျအစိုးရကတော့ ကနဦး ဒေါ်လာ ၂ သန်းကို စစ်ကောင်စီကို တိုက်ရိုက်မပေးဘဲ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ကတဆင့် ကူညီမယ်လို့ ထုတ်ပြန်ပါတယ်။ ယူကေအစိုးရက မြန်မာငလျင်အတွက် စတာလင်ပေါင် ၁၀ သန်း ထောက်ပံ့ကူညီပေးသွားမယ်လို့ ဆိုထားပါတယ်။

နော်ဝေနိုင်ငံက ငလျင်မလှုပ်ခတ်ခင်က လူသားချင်းစာနာ ထောက်ထားမှုအတွက် လျာထားတဲ့ NOK သန်း ၁၂၀ ကို မြန်မာနိုင်ငံရှိ ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို လှူဒါန်းမယ်လို့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားနိုင်ငံကတော့ ဒေါ်လာ ၂ သန်း၊ စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းက ဒေါ်လာ တသိန်းခွဲနဲ့ ဥရောပသမဂ္ဂက ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂ ဒသမ ၅ သန်း ကူညီပံ့ပိုးဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ပါတယ်။

တချို့နိုင်ငံတွေရဲ့ အထောက်အပံ့ အကူအညီတွေကတော့ စစ်ကောင်စီထံ တိုက်ရိုက်ပေးနေတာဖြစ်ပြီး တချို့သော အကူအညီတွေကိုတော့ ဒေသတွင်း အဖွဲ့အစည်းတွေကို ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတချို့ရဲ့ ထောက်ပံ့ကူညီပေးတဲ့ ငွေကြေးနဲ့ လူအင်အားတွေကတော့ မြန်မာနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013