Home
မြန်မာသတင်း
ငဖဲတွင် စစ်ကောင်စီဒရုန်းကြောင့် စစ်ရှောင်အမျိုးသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
March 29, 2025
Photo: PRA တပ်ဖွဲ့ဝင်

မကွေးတိုင်း၊ ငဖဲဲမြို့နယ်မှာ မတ် ၂၅ ရက်နေ့ နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီပ ဒရုန်းနဲ့ဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတယောက်က “အမ်း-ပဒါန်းကားလမ်းပေါ်က ရခိုင်ရိုးမပေါ်မှာရှိတဲ့ နတ်ရေကန်စစ်တပ်စခန်းကနေ ဒရုန်းလွှတ်ပြီး တောင်ခြေမှာရှိတဲ့လိုင်ရွာကို ဗုံးကြဲခဲ့တာ ၇ လုံး ၈ လုံးလောက်ရှိပါတယ်။ လိုင်ရွာက ၁ ယောက်က ဒဏ်ရာရတယ်။ တခြားရွာကနေ လိုင်ရွာကို စစ်ဘေးလာရှောင်နေတဲ့သူ ၁ ယောက်ကတော့ဆုံးသွားတယ်” လို့ ပြောပါတယ်။

လိုင်ကျေးရွာနေ အသက် ၅၀ ဝန်းကျင် ဦးမိုင်ခန်း လက်ကျိုးသွားပြီး ပဘဲကျေးရွာကနေ စစ်ဘေးရှောင်ဖို့ရောက်ရှိနေတဲ့ ချင်းအမျိုးသားတယောက်ဖြစ်သူ အသက် ၄၀ ဝန်းကျင် ဦးရွှေသိန်း ကတော့ နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

PRA Magway ရဲ့ တပ်ဖွဲ့ဝင်တယောက်က “အဲဒီ လိုင်ရွာဘက်မှာတိုက်ပွဲဖြစ်တာမရှိလို့ တခြားရွာတွေကပါ စစ်ဘေးရှောင်လာကြတဲ့သူတွေ ရှိတယ်ပေါ့ဗျာ။ ဒါပေမဲ့ တခြားဟိုဘက်က ရွာတွေမှာတော့ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်။ စကစ ဘက်က ဒရုန်းတွေအပြင် ရေယာဉ်တွေနဲ့ပါ စစ်ကူပေးပြီးခုခံနေတယ်။ အဲဒီဘက်မှာ ဖုန်းလိုင်းတွေ အဖြတ်ခံထားရတော့ မြေပြင်အခြေအနေကို အချိန်နဲ့တပြေးညီ မသိရဘူးဖြစ်နေတယ်ဗျ” လို့ DVB ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ငဖဲမြို့နယ်ထဲက လင်းတဲကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ယောက် သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့သလို မတ် ၂၅ ရက် နေ့လယ်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့အနားကကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်သွားခဲ့သေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းကတည်းက အမ်း-ပဒါန်းကားလမ်းပေါ် ရခိုင်ရိုးမပေါ်မှာရှိတဲ့ နတ်ရေကန် စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကာကင်းစခန်းတွေ သိမ်းပိုက်ရရှိထားတာကြောင့် စစ်ကောင်စီကလည်း စခန်းမကျစေဖို့ မြေပြင်နဲ့ ဝေဟင်ပူးပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေတယ်လို့လည်း ဆိုပါတယ်။

မတ်လ ၂၅ ရက်မှာ နတ်ရေကန်လေကြောင်းကာကွယ်ရေးဗျူဟာစခန်းကို ကာကွယ်ဖို့ စစ်ကူလာတဲ့ စစ်ကောင်စစ်တပ်ဘက်က အသေခံဒရုန်း ၂ စင်းကို အာရက္ခတပ်‌တော် (AA) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့သေးတယ်လို့လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013