Home
မြန်မာသတင်း
ကမ္မ ချမ်းစိမ့်တိုင်းရင်းဆေးစက်ရုံကို စစ်တပ်က ဗုံးကြဲ၊ ၂ ဦး သေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
March 29, 2025

မကွေးတိုင်း၊ ကမ္မမြို့က တိုင်းရင်းဆေးစက်ရုံတခုထဲကို စစ်ကောင်စီတပ်က မတ် ၂၈ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲချခဲ့တာကြောင့် စက်ရုံဝန်ထမ်း အမျိုးသမီးတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကမ္မမြို့က အသက် ၅၀ ဝန်းကျင်အမျိုးသားတယောက်က “ကျနော်တို့ ကမ္မမြို့ရဲ့ အရှေ့မြောက်ဘက်အစွန်နားမှာရှိတဲ့ ချမ်းစိမ့်တိုင်းရင်းဆေးစက်ရုံကို စစ်တပ်ဘက်က စက်တပ်လေထီး ၂ စင်းက လာပြီးဗုံးကြဲသွားတာပါဗျာ။ စက်ရုံဝင်းအကျယ်ကြီးထဲက ဝန်ထမ်းတွေ ထမင်းစားချိန် ထမင်းစားနေတဲ့အဆောင်ပေါ်ကို တည့်တည့်အကြဲခံလိုက်ရတာ။ ဗုံးကြဲခံရတာက ငလျင်မလှုပ်ခင် တနာရီလောက် စောတယ်။ အဲဒီစက်ရုံမှာက ရွာနီးချုပ်စပ်က အမျိုးသမီးတွေလာပြီး အလုပ်လုပ်ကြတာများတော့ သေဆုံးတာနဲ့ ထိခိုက်တာကလည်း အမျိုးသမီးတွေပဲဗျ” လို့ ပြောပါတယ်။

တိုင်းရင်းဆေးစက်ရုံ ဗုံးကြဲခံရတဲ့အတွက် အဆိုပါစက်ရုံကို လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ စက်ရုံဝန်ထမ်း ၉ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြကာ ကမ္မရွာသစ်ကျေးရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်မွှား နဲ့ အသက် ၁၇ နှစ်အရွယ် မဖြူဖွေး တို့ဟာ ဆေးကုသရင်း သေဆုံးသွားခဲ့ကြပြီး ပြည်အိုင်ကျေးရွာကနေ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အမျိုးသမီး ၇ ယောက်ထက်မနည်းဟာလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ပါဝင်နေသေးတယ်လို့ ဆိုပါတယ်။

Kamma Underground PDF (ကမ္မတပ်ပေါင်းစု) တာ၀န်ခံရဲဘော် တယောက်က “နှစ်ဖက် တိုက်ပွဲတွေကတော့ ငြိမ်သက်နေတယ်။ ဒါပေမဲ့ ဆိပ်ဖြူ ကပစ ၂၂ ကနေ စက်တပ်လေထီး (Paramotor) ၂ စီး ရှေ့ဆင့်နောက်ဆင့်တက်လာပြီး အရင်တက်လာတဲ့ အစီးက အဲဒီစက်ရုံဝင်းထဲကို ၁၂၀ မမ ဗုံး ၂ လုံးကြဲသွားတာဖြစ်တယ်။ ဒီလုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် စစ်တပ်ဟာ ပြည်သူကို ရန်သူလို သဘောထားပြီး အငြိုးတကြီးနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်နေတယ်ဆိုတာ ပေါ်လွင်တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေဘက်ကလည်း အကြမ်းစစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို သတိထားကြဖို့ အရမ်းအရေးကြီးပါတယ်” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ ဗုံးခိုကျင်းတူးတာတွေ၊ လေကြောင်းရန်ကို ကာကွယ်နိုင်မယ့် အစီအမံတွေ ကြိုတင်ပြုလုပ်ထားကြဖို့နဲ့ လေယာဥ်သံကြားရင်လည်း ပြည်သူအချင်းချင်း သတိပေးနှိုးဆော်တာတွေအပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းရန်သတိပေးချက်တွေကို ဂရုပြုလိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Photo: ကမ္မမြို့ခံအမျိုးသားတဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013