
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီရဲ့ ယာယီတပ်ရင်းမှူးတယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ PDF အမှတ် (၁) တပ်ရင်းဆီမှ သိရပါတယ်။
မတ် ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ယာယီတပ်ရင်းမှူးကို ပုလောမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်က PDFအမှတ် (၁) တပ်ရင်းနဲ့ KNDO၊ တပ်ရင်း (၇) ပူးပေါင်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူမှာ အသက် ၄၀ အရွယ် ဗိုလ်မှူးသိန်းထိုက် ဖြစ်ပြီး မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတာ ၆ လခန့်ရှိပြီလို့ PDF အမှတ် ၁ တပ်ရင်းဆီမှ သိရပါတယ်။
PDF အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက “တနင်္သာရီ၊ ရမ်းဖိုဘက်မှာ မိုင်းဆွဲခံရပြီး လူစုကွဲသွားတယ်။ ပြီးမှ အရပ်သားဟန်ဆောင်ပြီး ထွက်ပြေးလာတာပါ။ ရန်ကုန်ကို တက်ပြီး မိဘအိမ်ပြန်မယ်လို့ ပြောတယ်။ ဖမ်းဆီးမိတာကတော့ ကျနော်တို့က သူ့ကို မသင်္ကာလို့ စစ်ဆေးရင်း ဂိတ်မှာမိတာပါ”လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ အဆိုပါယာယီတပ်ရင်းမှူးကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
မတ်လ ၂၄ရက်နေ့၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှာ စစ်ကောင်စီယာဥ်တန်း ၈ စီးကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။