Home
မြန်မာသတင်း
ယနေ့မနက် နေပြည်တော်တွင် ငလျင်လှုပ်၊ မိုးဇလဌာနက သတင်းများ နောက်ကျထုတ်ပြန်
DVB
·
March 29, 2025

အင်အားပြင်းငလျင်ရဲ့နောက်မှာ နောက်ဆက်တွဲ အင်အားပြင်းငလျင် အပါအဝင် ငလျင်တွေ လှုပ်ခတ်ခဲ့ပြီး ဒီမနက်ကလည်း နေပြည်တော်နားမှာ အင်အားအသင့်အတင့်ရှိတဲ့ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ဒီမနက် ၅ နာရီ ၅၁ မိနစ်က ပုဗ္ဗသီရိမြို့နယ်ရဲ့ မြောက်-အရှေ့မြောက်ဘက် ၅ မိုင်လောက်အကွာမှာ ရှေ့က ငလျင်တွေနဲ့ အနက်တူဖြစ်တဲ့ ၁၀ ကီလိုမီတာအနက်ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၅ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဒီမနက်မှာ ထုတ်ပြန်လာတာပါ။

မနေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်မှာ ရစ်ခ်တာစကေး ၇ ဒသမ ၇ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ၁ နာရီ ၂ မိနစ်မှာ ၇ ဒသမ ၅၊ ၁ နာရီ ၁၆ မိနစ်မှာ ၅ ဒသမ ၉၊ ၁ နာရီ ၅၈ မိနစ်မှာ ၄ ဒသမ ၇၊ ၂ နာရီ ၂၆ မိနစ်မှာ ၄ ဒသမ ၉ အပါအဝင် ည ၁၁ နာရီ ၁၆ မိနစ်အထိ နောက်ဆက်တွဲငလျင် ၁၂ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီထဲမှာ အနိမ့်ဆုံး ရစ်ခ်တာစကေး ၂ ဒသမ ၈ ကနေ ၄ ဒသမ ၅ အထိ ရှိတဲ့ ငလျင်တွေပါပြီး ဗဟိုပြုနေရာတွေကိုတော့ ဖော်ပြထားတာမရှိပါဘူး။

မတ် ၂၈ ရက် မနေ့က တနိုင်ငံလုံးနီးပါး ငလျင်ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဩဇာခံ မိုးလေဝသဌာနဟာ ညပိုင်း ၁၂ နာရီလောက်မှာမှ ပင်မငလျင်သတင်းကို စပြီး ဖော်ပြလာတာ ဖြစ်ပါတယ်။

မန္တလေးနဲ့ နေပြည်တော် ဒေသခံတွေကတော့ မနေ့ညပိုင်းအထိ ငလျင်တွေ ဆက်တိုက်ဆိုသလို လှုပ်ခတ်နေခဲ့တယ်လို့ပြောပြီး ညပိုင်းမှာ အိမ်တွေမှာ မနေကြဘဲ ကွင်းပြင်တွေ၊ ကွက်လပ်တွေနဲ့ လမ်းမတွေမှာ ထွက်ပြီးအိပ်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013