Home
မြန်မာသတင်း
စစ်တွေတွင် ALP အင်အားပြ၊ ဒေသခံ ၃ ဦးကို AA သတင်းပေးဟု စွပ်စွဲဖမ်းဆီး
DVB
·
March 29, 2025
Photo : ALP

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပါတီဗဟိုပြုပြီး စစ်ကောင်စီနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က သူတို့ရဲ့ တပ်ပြန်လည်ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ မတ် ၂၀ နဲ့ ၂၁ ရက်နေ့တို့မှာ ကျင်းပခဲ့တယ်လို့ ALP က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ တပ်ပြန်လည်ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်မှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်အားလုံးကို စုရုံးပြီး အင်အားပြတဲ့အနေနဲ့ မှတ်တမ်းတင်ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့သလို ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်စောမြရာဇာလင်း ဗိုလ်ရှုသဘင်ခံမှုကိုလည်း ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေချိန်မှာ ALP က အင်အားပြလာတာဟာ သူ့တို့ရဲ့အင်အားကို အချိန်ကိုက် ထုတ်ပြလာတာလို့ ရခိုင်စစ်ရေးအကဲနေတဲ့ လူငယ်တယောက်က ပြောပါတယ်။

“စစ်တွေမှာ AA က ထိုးစစ်ဆင်နေတဲ့အချိန်မှာ ALP က သူတို့ရဲ့ တပ်ဖွဲ့ဝင်အင်အားကို ပြသလာတာဟာ စစ်ကောင်စီနဲ့အတူ စစ်တွေမှာ ခုခံသွားမယ်ဆိုတာကို အချိန်ကိုက် ထုတ်ပြလိုက်တာ ဖြစ်တယ်။ ALP ဟာ စစ်တွေမြို့မှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်လာနေတာ တွေ့ရပြီး စစ်ကောင်စီရဲ့ ပြည်သူ့စစ်အနေနဲ့ အသုံးတော်ခံမယ့်သဘော ရှိနေတယ်။”

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ ၂၀၂၁ ခုနှစ်မှာ ပါတီ ၃ ခြမ်း ကွဲသွားခဲ့ပြီး ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP ပါတီဟာ စစ်တွေမြို့မှာ ဆက်လက်အခြေစိုက်ခွင့် ရရှိခဲ့သလို စစ်ကောင်စီကပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း အမြဲတမ်း တက်ရောက်နေတာ ဖြစ်ပါတယ်။

ဒ့ါအပြင် မတ် ၂၅ ရက်ကလည်း စစ်တွေမြို့ ဆပ်ရိုးကျရပ်ကွက်ရှိ မာရမာကြီးလူမျိုး ၃ ယောက်ကို‌ AA နဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး ALP တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဘေးတွဲ ကယ်ရီမောင်းစားနေကြတဲ့ ဒေသခံ ၃ ဦးကို ALP တပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီးတော့ ဖမ်းဆီးသွားတာ။ အဓိကတော့ AA ကို သတင်းပေးကြသူတွေ ဆိုပြီးတော့ ဖမ်းဆီးသွားကြတာ။ ပြန်လွတ်လာတာ မရှိသေးဘူး။”

ALP က ဖမ်းဆီးခဲ့တဲ့ ဦးရီမောင် (၆၂ နှစ်)၊ ကိုဇူနီကာ (၃၈ နှစ်) နဲ့ ကိုကာလာဘီ (၂၆ နှစ်) တို့ ဖြစ်ကြပြီး သူတို့အားလုံးကို ALP ရုံးချုပ်ရှိတဲ့ စက်ရုံစုရပ်ကွက်မှာ ထိန်းသိမ်းထားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်က လူငယ်တချို့ကို ALP က ဖမ်းဆီးပြီး စစ်သင်တန်းတက်ခိုင်းကာ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013