
ယူကရိန်းနယ်စပ်အနီးရှိ ရုရှားနိုင်ငံတောင်ပိုင်း ဘဲလ်ဂရော့ဒ်ဒေသမှာ မြေမြှုပ်မိုင်းကြောင့် ရုရှားနိုင်ငံပိုင် ရုပ်သံသတင်းထောက်တယောက် သေဆုံးပြီး ကင်မရာသမား ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ချန်နယ်လ်ဝမ်း ရုပ်မြင်သံကြားဌာနက မတ် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
စစ်ပွဲသတင်းထောက် အန်နာ ပရိုကိုဖီဗာနဲ့ ကင်မရာမင်း ဒီမစ်ထရီ ဗောလ်ကော့ဗ် တို့ဟာ ယူကရိန်းစစ်တပ်က စိုက်ထားတဲ့ မြေမြှုပ်မိုင်းကို ကျော်ဖြတ် ပြေးခဲ့ကြတယ်လို့ ချန်နယ်လ်ဝမ်းက ထုတ်ပြန်ပါတယ်။
အသက် ၃၅ နှစ်ရှိ အန်နာ ချန်နယ်လ်ဝမ်းမှ အန်နာ ပရိုကိုဖီဗာ သေဆုံးမှုဟာ ဂျာနယ်လစ်တွေအတွက် နောက်ထပ် ဆုံးရှုံးမှုတခုပါလို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။
ပရိုကိုဖီဗာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်တာဝန်ကို ထမ်းဆောင်ရင်း သေဆုံးသွားခဲ့တာဖြစ်ပြီး မော်တော်ကားဟာ ယူကရိန်းစစ်တပ် ထားခဲ့တဲ့ မိုင်းကြောင့် ပေါက်ကွဲသွားတာလို့ ဆိုပါတယ်။
ရုရှားနိုင်ငံတောင်ပိုင်း ဘဲလ်ဂရော့ဒ်ဒေသဟာ ယူကရိန်းက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို မကြာခဏ ကြုံတွေ့နေရပြီး ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နောက်ထပ် ရုရှားနယ်မြေဖြစ်တဲ့ ကာ့စ်ခ်ဒေသမှ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာသွားချိန်မှာ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်လာပါတယ်။
အခုသီတင်းပတ် အစောပိုင်းက မော်စကိုထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်း လူဟန့်စ်ခ်ဒေသမှာ တာဝန်ကျနေတဲ့ ရုရှားသတင်းထောက် ၂ ယောက်နဲ့ ယာဉ်မောင်းတို့ အပါအဝင် လူ ၆ ယောက်ဟာ အမြောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်တွေနဲ့ မီဒီယာတွေက ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ရုရှားမီဒီယာလုပ်သား ၂၀ နီးပါး အသတ်ခံခဲ့ရကြောင်း ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Source : Reuters