Home
ဆောင်းပါး
ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်နေတဲ့ ‘ရခိုင်’
DVB
·
March 25, 2025

ဖုန်းနဲ့ အင်တာနက်လိုင်းတွေ လုံးဝပြတ်တောက်နေတဲ့ ရခိုင်မှာ ဘယ်လိုတွေနေထိုင်နေကြသလဲ၊ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အသုံးပြုခွင့်ရဖို့ ဘာတွေလုပ်နေကြရသလဲ၊ ဘယ်လိုတွေ ကြိုးပမ်းဆောင်ရွက်ပြီး ဘယ်လိုလူတွေက အသုံးပြုခွင့်ရနေသလဲဆိုတာ ရခိုင်ပြည်ပြင်ပမှာနေထိုင် နေသူတွေအတွက်က စိတ်ဝင်စားစရာတခုဖြစ်ပြီး ပြည်တွင်းနေထိုင်သူတွေအတွက်ကတော့ စိုးရိမ် စရာတခုလည်းဖြစ်နေပါတယ်။ ဒီနေရာမှာ ရခိုင်ပြည် ပြင်ပရောက်လူအများစုကတော့ ရခိုင်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာနဲ့ပတ်သက်လို့ လေကြောင်းအန္တရာယ်ကာကွယ်တဲ့ အခိုက်အတန့်လောက်ပဲ မှတ်ယူထားကြတာတွေ့ရပါတယ်။ သို့ပေမယ့် မြေပြင်အခြေနေမှာတော့ ထင်သလောက် ရိုးရှင်းမနေခဲ့ပါဘူး။

ဖုန်းလိုင်းစပြတ်ပြီးနောက် ဘာတွေဖြစ်လဲ

ဒီအခိုက်အတန့်ကြားမှာ မြေပြင်က ဒေသခံတွေကြုံတွေ့ရတဲ့ အခက်ခဲဒုက္ခတွေကတော့ တော်တော်ကို ဆိုးရွားပါတယ်။ ဖုန်းလိုင်းဟာ ၂၀၂၄ ခု နိုဝင်ဘာ ၁၆ ရက် ပြတ်တောက်သွားရာက နေပြန်လည်ရရှိလာခဲ့တာမရှိသေးဘဲ အခုဆို ၂၀၂၅ ခုနစ် မတ်လအထိရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဖုန်းလိုင်းပြတ်တောက်စမှာတော့ လူတွေဟာ ဖုန်းလိုင်းရလိုရငြား ရှိသမျှ တောင်တွေပေါ်ကို ကသောကမျောနဲ့ တက်ကြပါတယ်။ နောက်ပိုင်းမရရှိတော့ MEC၊ CDMA စတဲ့ဆင်းကတ်တွေကို အစားထိုးပြီး ဖုန်းလိုင်းရှာကြပြန်ပါတယ်။ ကံကောင်းစွာပဲ ဒီကတ်တွေနဲ့ ဖုန်းလိုင်းရှာဖွေရာမှာ တချို့သောနေရာတွေမှာ ဖုန်းလိုင်းတွေမိကြပြီး ကြိုးပမ်းမှုတွေက ဖုန်းလိုင်းရဖို့ ကြံဖန်နိုင်ခဲ့ကြတယ် လို့ ဆိုရမှာပါ။ သို့ပေမဲ့ AA ထိန်းချုပ်နယ်မြေအများစုဖြစ်တဲ့ မြောက်ပိုင်းမြို့နယ်ဘက်တွေမှာတော့ ဖုန်းလိုင်းဟာ နေရာတချို့မှာပဲမိတာ၊ ဖုန်းလိုင်းမိဖို့အတွက် ဝယ်ယူတပ်ဆင်ရတဲ့ ဖုန်း၊ ဆင်းကတ်၊ အင်တာနယ်တိုင် စတာတွေရဲ့စျေးဟာ ကျပ်သိန်း ၁၀ ချီရှိနေတာကြောင့် လူတချို့ကပဲ ဖုန်းလိုင်း ရရေး ကြံဖန်နိုင်ခဲ့တာဖြစ်ပြီး အများစုကတော့ ဖုန်းလိုင်းရအောင် လုပ်ဆောင်ထားနိုင်သူတွေဆီကနေ ပိုက်ဆံပေးပြီး ဖုန်းပြောခွင့်ရယူကြပါတယ်။

ဖုန်းလိုင်းကို ဘယ်လိုတွေ အသုံးပြုခွင့်ရယူကြရသလဲ

ခြုံကြည့်ရင် ဒီဖြစ်စဉ်ဟာ ရိုးရှင်းတယ်ထင်နိုင်ပေမဲ့ တကယ်လက်တွေ့မှာတော့ အဲ့လောက်ထိ မရိုးရှင်းနေခဲ့ပါဘူး။  ဖုန်းလိုင်းမိတဲ့ လူတစုဆီကနေ ဖုန်းပြောခွင့်ရဖို့ လုပ်ဆောင်ရတာဟာ မလွယ်ကူခဲ့ပါဘူး။ AA ထိန်းချုပ်နယ်မြေတွေမှာ ဖုန်းလိုင်းဟာ နေရာတိုင်းမိနေတာ မဟုတ်တာကြောင့် ဖုန်းပြောလိုတဲ့သူတွေဟာ ဖုန်းလိုင်းမိနေတဲ့နေရာတွေကို ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လှေ၊ ဘုတ် စတာတွေနဲ့ သွားလာကြရပြီး ဖုန်းပြောလိုသူတွေ စုဝေးမိတော့ လူများတာကြောင့် ဖုန်းပြောခွင့်ရဖို့အရေး ညအိပ်ညနေစောင့်ဆိုင်းရတာတွေလည်းရှိကြပါတယ်။ ဖုန်းလိုင်းမိတဲ့နေရာ လူစုလူဝေးဖြစ်တာကြောင့် လေကြောင်းအန္တရာယ် စိုးရိမ်ရတယ်ဆိုပြီးလည်း ဒေသအာဏာပိုင်တွေရဲ့ နှင်ထုတ်တာတွေကို ခံခဲ့ကြရတာတွေလည်း ရှိခဲ့ပါတယ်။

ဖုန်းတခါပြောခွင့်ရရေးအတွက် ခရီးစရိတ်တွေ အမြောက်အမြားကုန်တာ၊ အချိန်ကုန်တာ၊ လူပင်ပန်းတာ စတာတွေကြောင့် ဒီအခြေနေကို စိတ်ပျက်နေပြီဖြစ်ပြီး ဒီအခြေနေအတိုင်း ဆက်ကြုံနေရရင် အခက်အခဲနဲ့ အဆင်မပြေမှုတွေ ပိုများလာမယ်လို့ ကျောက်တော်မြို့နယ်ကနေ မြောက်ဦးဘက်ကို ဖုန်းပြောဖို့လာရောက်တဲ့ မွတ်ဆလင်အမျိုးသားတယောက်က ပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာတော့ ဖုန်းလိုင်းပြတ်တောက်တာတွေရှိပေမဲ့ ရံဖန်ရံခါ MPT လိုင်းတွေမိတတ်တာ၊ MEC ဆင်းကတ်တွေကို လက်ကိုင်ဖုန်းတွေမှာ ထည့်ရင် လိုင်းမိတာတွေ ကြောင့် ဖုန်းလိုင်းနဲ့ပတ်သက်လို့ AA ထိန်းချုပ်နယ်မြေတွေလောက် အခက်မကြုံပေမဲ့ ပုံမှန်ရရှိနေတာ မဟုတ်တဲ့အတွက် ဖုန်းလိုင်းလုံးလုံးပြတ်တောက်နေတဲ့နည်းတူ ခက်ခဲတာတွေရှိနေ တယ်လို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။

အင်တာနက် ဘယ်လို အသုံးပြုခွင့်ရယူကြရသလဲ

အင်တာနက်ကလည်း ထိုနည်းတူစွာပါပဲ။ ရခိုင်မှာ ဖုန်းလိုင်းမပြတ်မီကတည်းက အင်တာနက် လိုင်းတွေ ပြတ်တောက်နေခဲ့တာဖြစ်ပြီး ဖုန်းလိုင်းပါပြတ်တောက်သွားတဲ့ အခါမှာတော့ အင်တာနက်ရရှိရေးဟာ မျှော်လင့်ချက်မဲ့ခဲ့ရပါတယ်။ သို့ပေမယ့် ဂြိုဟ်တုနဲ့ ဆက်သွယ်အသုံးပြုတဲ့ starlink တွေကို အင်တာနက်အတွက် အသုံးပြုခဲ့ကြပါတယ်။ ဒီနေရာမှာလည်း လူထုအတွက် ကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။ နှစ်ဖက်ထိန်းချုပ်နယ်မြေ ၂ ခုလုံးမှာ starlink ကို ပုဂ္ဂလိကပိုင် ဝယ်ယူခွင့်မပြုတာ၊ starlink ရှိတဲ့ နေရာအားလုံးဟာ ဒေသအာဏာပိုင်တွေရဲ့ ဌာနဆိုင်ရာရုံးတွေ ဖြစ်နေတာ၊ စတာတွေကြောင့် ဒေသခံတွေအနေနဲ့ကတော့ အလွယ်တကူအသုံးပြုခွင့်ရဖို့ မဖြစ်နိုင်ခဲ့ကြပါဘူး။ သိုပေမယ့် ဌာနဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာက ဝန်ထမ်းတွေနဲ့ ရင်းနှီးတဲ့သူတွေ မိသားစုဆွေမျိုးတွေကတော့ အလွယ်တကူအသုံးပြုခွင့်ရဖို့ အခွင့်ရေးတွေရနေတာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်ဟာ  တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ရပ်တည်နေရဆဲဖြစ်တဲ့ အာရက္ခပြည်သူ့အစိုးရ ထိန်းချုပ်ဒေသတွေမှာတော့ အခွင့်ထူးခံလူတန်းစားတရပ်ကို စတင်မွေးထုတ်ပေးနေသလို ဖြစ်နေပါတယ်။

ဒီအခြေနေအပေါ် ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဓိကပါဝင်လုပ်ကိုင်နေတဲ့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်ကတော့ အင်တာနက်လိုင်းကို ဒေသရဲ့ လိုအပ်ချက်တွေမှာ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးနေသူဖြစ်တဲ့အတွက်  ခွင့်ပြုချက်တောင်းယူပြီး အသုံးပြုခွင့်ရနေပေမဲ့ လူအများ အသုံးပြုခွင့်မရကြတာတွေကိုကြည့်ပြီး အင်တာနက်ခရိုနီ တယောက်လို ခံစားရတယ်လို့ သူက ဆိုပါတယ်။

အင်တာနက်အသုံးပြုခွင့်ကို ထိန်းချုပ်ရာမှာ AA အနေနဲ့ မမျှမတစီးပွားရေးစနစ်တရပ်ကို ထူထောင်ပြီး စီးပွားရှာနိုင်အောင် လမ်းဖောက်ပေးထားသလို ဖြစ်နေတာဖြစ်ပါတယ်။ အင်တာနက်ကို AA ဆီကနေ စီးပွားရေးလုပ်လိုသူတွေက (အဓိကငွေလွှဲငွေထုတ်) အခွန်ပေးပြီး အသုံးပြုခွင့် ရယူကြရတာဖြစ်ပြီး အဲ့ဒီကနေတဆင့်မှ တခြားဒေသခံတွေ အသုံးပြုခွင့် ရယူကြရတာပါ။ လုပ်ငန်းရှင်တွေအနေနဲ့ အခွန်ပေးသွင်းရာမှာ ကျပ် ၅ သိန်းကနေ ၁၀ သိန်းကြားပေး ဆောင်ထားရတယ်လို့ ငွေလွှဲငွေထုတ်လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။ ဒီလို အင်တာနက် စီးပွားရေးလုပ်ငန်းကြီးမှာ စားသုံးသူတွေဖြစ်တဲ့ ဒေသခံပြည်သူတွေကတော့ ငွေကြေးအပြင် အချိန်နဲ့ သိက္ခာကိုပါရင်းပြီး အင်တာနက်အသုံးပြုခွင့်ကို ဝယ်ယူနေကြရတာ ဖြစ်ပါတယ်။

ဖုန်းနဲ့ အင်တာနက်လိုင်းပြတ်တောက်နေတဲ့ ဒေသမှာ နိုင်ငံတကာအဖွဲ့စည်းနဲ့ မီဒီယာကဏ္ဍက ဘယ်လိုတွေရှိနေလဲ

ဒီနေရာမှာ အင်တာနက် မရှိမဖြစ် အသုံးပြုဖို့လိုအပ်တဲ့ အလုပ်ကိုင်တွေဟာလည်း ဒေသမှာ အတော့်ကို ရပ်တည်ရခက်ခဲခဲ့ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ဒေသတွင်းက အရပ်ဘက်၊ နိုင်ငံတကာအဖွဲ့စည်းနဲ့ မီဒီယာလုပ်ငန်းတွေပါ။ AA ထိန်းချုပ်နယ်မြေတွေမှာဆိုရင် နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့စည်းအချို့ကတော့ မြို့နယ်အလိုက် ဒေသန္တရ (HDCO) ရုံးတွေမှာ အချိန်အကန့်သတ် လူဦးရေအကန့်သတ်နဲ့ အသုံးပြုခွင့်ရကြတာရှိပါတယ်။ သို့ပေမဲ့ ရုံးတရုံးကနေ လူအများဆုံး ၂ ယောက်၊ အချိန်အများဆုံ နာရီဝက်ကနေ ၁ နာရီအတွင်းပဲရပြီး ရုံးတခုချင်းစီမှာ သက်ဆိုင်ရာ စီမံကိန်းခွဲတွေအလိုက် အုပ်စုခွဲတွေရှိတာကြောင့် ဒီလိုအသုံးပြုခွင့်ရပုံနဲ့ လုပ်ငန်းလည်ပတ်ပြီးစီးမှုကို နှောင့်နှေးစေပြီး အဆင်မပြေလှဘူးလို့ INGO ဝန်ထမ်းတယောက်က ပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်မြို့နယ်တွေမှာကျတော့ ဖုန်းလိုင်းမိချိန်များတာ၊ အင်တာနက်ကို INGO ရုံးတချို့မှာ တရားဝင်ခွင့်ပြုပေးထားတာမျိုးတွေကြောင့် ဖုန်းနဲ့အင်တာနက်အတွက် AA ထိန်းချုပ်နယ်မြေတွေလောက် ပြဿနာမရှိလှပေမဲ့ တခြားလုံခြုံရေးပိုင်းဆိုင်ရာ အရတော့ ပြဿနာတွေ ရှိနေကြတယ်လို့ သိရပါတယ်။

ရခိုင်မှာ မြေပြင်မှာရှိတဲ့ မီဒီယာသမားတွေအနေနဲ့ကတော့ ဒေသတွင်း နှစ်ဖက်တိုက်ပွဲတွေ ပြင်း ထန်စဉ်ကစလို့ မီဒီယာသမားတွေကို စစ်ကောင်စီက ပစ်မှတ်ထားရှာဖွေမှုတွေကြောင့် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အသီးသီးခိုဝင်နေထိုင်ခဲ့ကြရပါတယ်။ ဒါကြောင့် လက်ရှိကျန်ရှိနေသေးတဲ့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ မြေပြင်သတင်းသမားတွေဟာ မရှိသလောက်ပါပဲ။ ဒီတော့ AA ထိန်းချုပ်နယ်မြေတွေမှာပဲ စုပြုံရောက်ရှိနေကြတဲ့ သတင်းသမားတွေအဖို့ လက်ရှိဖုန်းနဲ့ အင်တာနက်ပြတ်တောက်နေတဲ့ အခက်ခဲဟာ သတင်းလောကမှာ ဆက်လက်ရပ်တည်နိုင်ဖို့ရန်အတွက် စိန်ခေါ်မှုကြီးတရပ်လည်း ဖြစ်ခဲ့ပါတယ်။ သတင်းသမားတချို့က starlink မူပိုင်ဝယ်ယူခွင့်ရဖို့ တင်ပြကြတာတွေရှိပေမဲ့ အဆင်မပြေခဲ့ကြပါဘူး။ ဒီတော့ ဒေသတွင်း မီဒီယာစောင့်ကြည့်မှုဟာ အားနည်းခဲ့ရပြီး သတင်းအမှောင်ချခံထားရသလိုမျိုး ဖြစ်လာနေရပါတယ်။

အင်တာနက်အသုံးပြုခြင်းကို ပိတ်ပင်ထားမှုဟာ အဲ့ဒီလူ့အဖွဲ့စည်းတရပ်အတွက် အန္တရာယ်ဖြစ် စေပြီး လူ့အခွင့်ရေးချိုးဖောက်တဲ့ပြစ်မှုတွေကို ကျူးလွန်တဲ့သူတွေကိုလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေစေတယ်လို့ ဒီဂျစ်တယ်အရေးစောင့်ကြည့်လေ့လာတဲ့ Access Now ရဲ့ အာရှပစိဖိတ်ဆိုင်ရာ မူဝါဒရေးရာဒါရိုက်တာက ပြောထားပါတယ်။ ဒါ့အပြင် ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် အင်တာနက်ဖြတ် တောက်ထားတာဟာ ဘယ်သောအခါမှ လက်ခံလို့မရတဲ့ ကိစ္စလည်းဖြစ်တယ်လို့ ထပ်ဆောင်းဆိုထားပါသေးတယ်။

ရလဒ်က ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေဖြစ်လာနိုင်လဲ

ထိန်းချုပ်နယ်မြေ ၂ ခုလုံးက ဒေသခံတွေကတော့ ဒီအခြေနေမျိုးကို ရေရှည်တောင့်ခံနိုင်ဖို့ ခက်ပါမယ်။ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာဆိုရင် ဒီိလိုအခက်ခဲအကျပ်တည်းမျိုးဟာ ဒေသခံတွေရဲ့ တိုက်ပွဲလိုလားလာစိတ်ကို တွန်းအားပေးသလိုဖြစ်နေပါတယ်။ စစ်ကောင်စီရဲ့ ဖိအားပေး လုပ်ဆောင်ထားတဲ့ အကျပ်တည်းအခက်ခဲတွေဟာ တိုက်ပွဲတွေအတွင်း ရှုံးနိမ်စေတဲ့ သက်ရောက်မှုတွေလည်း ဖြစ်ပါတယ်။ AA ထိန်းချုပ်နယ်မြေတွေမှာကျတော့ လေကြောင်းအန္တရာယ်ကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို AA က ထိန်းချုပ်ထားတာလို့ အကြမ်းဖျင်း သိထားရပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ AA ဘက်က တာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာမှာတော့ တရားဝင်ပြောဆိုဖို့ ငြင်းဆိုကြပြီး အလွတ်တန်း ပြောဆိုချက်တွေအရဆိုရင်တော့ ဒေသမှာ စစ်ကောင်စီ သတင်းပေးတွေ ရှိနေသေးတာကြောင့်ဖြစ်ပြီး ဒီအခြေနေကို ထိန်းချုပ်ဖို့ ဖုန်းနဲ့အင်တာနက်လိုင်းတွေကို AA ကထိန်းချုပ်ထားတာလို့ သိရပြီး ဒီလိုလုပ်ဆောင်ထားတာဟာ အချိန်ကာလအားဖြင့်လည်း ကြာနိုင်သေးတယ်လို့ သိရပါတယ်။ သို့ပေမဲ့ တကယ့်လက်တွေ့မှာ ဒီနည်းလမ်းဟာ လေကြောင်းအန္တရာယ်ကို ထိရောက်စွာ မကာကွယ်နိုင်ဘူးဆိုတာ တွေ့ရပါတယ်။ အကြောင်းရင်းကတော့ ဒေသတွင်းက AA တပ်စခန်းနေရာတွေ၊ ULA ရုံးစိုက်ရာနေရာတွေကို စစ်ကောင်စီက ဒီကာလအတွင်းမှာတင် ဆက်တိုက်ဆိုသလို ဗုံးကြဲတာတွေ လုပ်နေနိုင်လို့ပါပဲ။ ဥပမာအနေနဲ့ဆိုရင် ဇန်နဝါရီ ၁၂ ရက်နေ့က ကျောက်တော်က ULA ရုံးတခု ဗုံးကြဲခံရတာ၊ ဖေဖော်ဝါရီ ၉ ရက်က ကျောက်တော်မြို့နယ် နန်းတက်ရွာအနီးရှိတဲ့ AA တပ်စခန်းတွေ ဗုံးကြဲခံရတာအပြင် ပေါက်တောမြို့နယ်က ကျေးရွာအချို့ကို ဗုံးကြဲသွားတာတွေကို တွေ့ရမှာပါ။ ဒီ့အပြင် တခြားဗုံးကြဲခံရတဲ့ ဖြစ်စဉ်တွေလည်း အများပြားရှိခဲ့ပါသေးတယ်။ ဒါကြောင့် ဒီနည်းဟာ လေကြောင်းအန္တရာယ် ကာကွယ်ဖို့ရန်လည်း သက်ရောက်မှုမရှိဘဲ ပြည်သူတွေကို ကဏ္ဍအသီးသီးမှာ အခက်ခဲအကျပ်တည်း ဖြစ်စေတာကိုပဲ အများအားဖြင့် တွေ့ရပါတယ်။  

စစ်အာဏာရှင် တခေတ်မှာလည်းပဲ ရခိုင်လူထုဟာ အင်တာနက်ပိတ်ဆို့ခံရမှုကို နှစ်ရှည်ကြာ ခံစားခဲ့ရပြီးလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်တာနက်ပိတ်ဆို့ချက်တွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ အင်တာနက်ဖြတ်တောက်မှု အဆိုးရွားဆုံးနိုင်ငံအဖြစ် ရောက်ရှိခဲ့ရတယ်လို့ ဒီဂျစ်တယ်စောင့်ကြည့် လေ့လာရေးအဖွဲ့ Access Now ရဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ဖော်ပြချက်မှာတွေ့ရပါတယ်။ 

တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ရပ်တည်လာပြီဖြစ်တဲ့ အာရက္ခတပ်တော်အနေနဲ့ကလည်း စစ်အစိုးရနည်းလမ်းနဲ့ တူညီတဲ့ ကျင့်သုံးမှုပုံစံမျိုးကို လုပ်ဆောင်နေသလို ဖြစ်နေတယ်လို့ ဆိုရပါမယ်။ ဒီလိုအတိုင်း ဆက်သွားမယ်ဆိုရင် ပြည်သူတွေအနေနဲ့ တောက်လျှောက်ရင်ဆိုင် ခံစားလာရတဲ့ အခက်အခဲပြဿနာတွေကြောင့် ဒေသအာဏာပိုင်တွေအပေါ် အခွင့်ထူးခံလူစုတရပ်အနေနဲ့ မြင်တတ်လာတဲ့ အမြင်သဘောမျိုးတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် AA  အနေနဲ့ နောက်ပိုင်းတွေမှာ ပြည်သူနဲ့ တသားတည်းရပ်တည်နိုင်ဖို့ ခက်ခဲလာနိုင်ပါလိမ့်မယ်။

ဂျေမီနန့် 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024