Home
နိုင်ငံတကာ
ဂါဇာဆေးရုံကို အစ္စရေးကလေကြောင်းတိုက်ခိုက်၊ ဟားမတ်စ်ခေါင်းဆောင်နှင့် ဆယ်ကျော်သက် ၁ ဦး သေဆုံး
DVB
·
March 25, 2025
Photo : Reuters

ဂါဇာကမ်းမြောင်တောင်ပိုင်းက ဆေးရုံတရုံကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်စ် အကြီးတန်းအရာရှိတယောက်နဲ့ အသက် ၁၆ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် လူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဟားမတ်စ်နဲ့ ကျန်းမာရေးတာဝန်ရှိသူတွေကို ကိုးကားပြီး အယ်လ်ဂျားဇီးယား သတင်းဌာနက မတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဟားမတ်စ်ရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် အစ္စမေးလ် ဘာဟောမ်ဟာ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ခန်းယူနစ်မြို့က နတ်ဆားဆေးရုံမှာ ဆေးကုခံနေတုန်း သေဆုံးသွားပြီလို့ ဟားမတ်စ်တွေက သတင်းထုတ်ပြန်ပါတယ်။

အစ္စရေးက ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက်မှုအတွင်း အကြမ်းဖက်ဝါဒ မှတ်တမ်းရှည်ထဲမှာ ထပ်ပေါင်းခဲ့ရတဲ့ နောက်ဆုံးရာဇဝတ်မှုကို ကျနော်တို့ ရှုတ်ချပါတယ်လို့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဒါဟာ ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ်တွေ၊ လူနေမှုဘဝတွေနဲ့ မွန်မြတ်သန့်စင်တဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် ကျူးလွန်မှုလို့လည်း ပြောပါတယ်။

“နိုင်ငံတကာဥပဒေတွေနဲ့ သဘောတူညီချက်တွေ အားလုံးကို လျစ်လျူရှုပြီး ကျနော်တို့ရဲ့ ပြည်သူတွေနဲ့ ခေါင်းဆောင်မှုအပေါ် စနစ်တကျ သတ်ဖြတ်ခြင်းဆိုင်ရာ မူဝါဒပဲဆိုတာ ဒီလုပ်ရပ်က ဆက်အတည်ပြုနေတယ်” လို့လည်း ကြေညာချက်က ဆိုပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဘာဟွန်းမ်မြို့ဟာ တိုက်ခိုက်မှုရဲ့ ပစ်မှတ်ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ကျယ်ပြန့်တဲ့ ထောက်လှမ်းရေး အချက်အလက် စုဆောင်းခြင်းလုပ်ငန်းစဉ် အပြီးမှာ အန္တရာယ် လျော့ပါးဖို့အတွက် တိကျတဲ့ လက်နက်ခဲယမ်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်ထဲမှာ “ဟားမတ်စ်တွေက ဂါဇာမြို့ခံလူထု ရက်ရက်စက်စက် အန္တရာယ်ဖြစ်နိုင်ချိန်မှာ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အကာအကွယ်အဖြစ် အသုံးချရင်း လုပ်ငန်းလည်ပတ်နေဆဲ ဆေးရုံကနေ လူသတ်အကြမ်းဖက်တိုက်ခိုက်မှုတွေကို စီမံဆောင်ရွက်တာဟာ နိုင်ငံတကာ ဥပဒေကို တိုက်ရိုက်ချိုးဖောက်မှုပဲ” လို့ ဖော်ပြထားပါတယ်။

အစ္စရေးဟာ ဟားမတ်စ်နဲ့ အပစ်အခတ်ရပ်စဲရေး နောက်အဆင့်မှာ သီတင်းပတ်ချီ သောင်တင်နေခဲ့ပြီးနောက် အင်္ဂါနေ့ကတည်းက ဟားမတ်စ်ရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၄ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013