
ဉာဏ်အလင်းပျောက်
မျက်လုံးဖောက်ခံ
မဲဆောက်ရောက် ကလေးများအကြောင်း။
တောင်အတက်အဆင်းတွေနဲ့ ကြမ်းတမ်းကွေ့ကောက်နေတဲ့ တောလမ်းကျဉ်းကျဉ်းထဲကို အမိုးမပါတဲ့ ကားတစီး လုပ်လီလုပ်လဲ့ တိမ်းစောင်း ခါယမ်းပြီး မောင်းနေပါတယ်။ ကားထဲမှာ ဆန် ၂ တင်းဆန့် ဒန်အိုးကြီး ၃ အိုးထဲမှာ ကြက်သားဒံပေါက်အပြည့်၊ ဟင်းချိုရည်အိုးက ရေခဲပုံးကြီးနဲ့ ၃ ပုံး၊ တခြား အကြော်အလှော်နဲ့ အတို့အမြှုပ်တွေကလည်း အစုံစုံ။ ဒါတွေပဲလားဆိုတော့ စေတနာရှင်တွေရဲ့ မျှဝေမှုတွေနဲ့ စောင်တွေ၊ အဝတ်အထည်တွေ၊ ရေသန့်ဘူးတွေ ဆေးဝါးတွေလည်း ပါပါတယ်။
တနေကုန် စစ်ဆေးရေးဂိတ်တွေရှောင်၊ တောမောင်းတွေကို ရှောင်ရင်း မောင်းလာလိုက်တာ နေ့လယ် ၁၂ နာရီကျော်တော့ ဗိုက်က တော်တော်ဆာနေပြီ၊ ကားထဲမှာ ပါလာတဲ့ ဒံပေါက်အနံ့ကလည်း ဆာလောင်မှုကို ပိုပြီးနိုးဆွလာတယ်။ ဒီအစားအစာတွေဟာ ကျမတို့အတွက် မဟုတ်ဘူးဆိုတဲ့ အသိစိတ်နဲ့ ထိန်းချုပ်သတိပေးရင်း မကြာခင်ပဲ ပြောင်းခင်းကြီးနားကို ရောက်လာပါပြီ။ ကားပေါ်မှာ ကျမနဲ့အတူ ပရဟိတ အကျိုးဆောင် လူငယ် ၅ ဦး ပါပါတယ်။ ပြောင်းခင်းအစပ်နားမှာ ကားကိုရပ်ပြီး ပါလာတဲ့ စားစရာတွေကို ခပ်သွက်သွက် ချပေးသူကချပေး၊ သယ်တဲ့သူက သယ်နဲ့ စီစဉ်နေတုန်း ကလေးတအုပ်ရဲ့ လာကြပြီဟေ့ လာကြပြီဆိုပြီး မြူးထူးခုန်ပေါက်လို့ ပြောင်းခင်းထဲကနေ ပြေးထွက်လာကြတယ်။ သူတို့ကိုကြည့်ရတာ တော်တော်လေး ဗိုက်ဆာနေလောက်ပြီ၊ ဒါပေမဲ့ သူတို့လေးတွေက ခုန်ပေါက်ပြီး လက်ခုပ်တွေ တီးနေကြတယ်။ တကယ်တော့ သူတို့တွေဟာ မျက်လုံးတွေ အဖောက်ခံထားရတဲ့ ကလေးတွေပါ။
ကျမ ပြောတာ နည်းနည်းများရှုပ်သွားလား၊ ကျမ ရှင်းပြပါမယ်။ လောလောဆယ် သူတို့ ဘယ်မှာနေလဲ၊ ဘယ်လို နေရလဲ၊ ဘာကြောင့် ဒီမှာ ပုန်းနေကြတာလဲ သိရအောင် ကျမနဲ့ အတူတူ ပြောင်းခင်းထဲကို သွားကြရအောင်ပါ။ ထူပြောလှတဲ့ ပြောင်းခင်းတောကြီးမှာ လူသွားလမ်းလေးက ကျဉ်းကျဉ်းလေး၊ ကျဉ်းကျဉ်းလေးကိုမှ အကွေးအကောက် အတက်အဆင်း ခလုတ်တံသင်းက ပေါပါပေ့နဲ့။ ကျမရဲ့ ကင်မရာအိတ်ကို လူတယောက်က ကူဆွဲပေးပြီး ကျမလက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေးတာတောင် ခဏခဏ ခလုတ်တွေတိုက် မှောက်လျက်လဲမလိုလို ဖြစ်သွားတာပဲကြည့်ပါ။ အဖုံး လုံပါတယ်ဆိုတဲ့ ဟင်းချိုရည်ပုံးတွေမှာလည်း ဟင်းရည်တွေက ယိုစီးလို့။ ကသောင်းကနင်းနဲ့ လျှောက်လာလိုက်တာ နာရီဝက်လောက် ကြာတော့ ပြောင်းခင်းကြီးနဲ့ လူသွားလမ်းကျဉ်းလေးရဲ့ တဖက်မှာ ဝါးရုံတန်းရှည်ကို စတွေ့တယ်။ ရုတ်တရက် ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ ဝါးရုံအုပ်ကြီးကလည်း ထူထဲလွန်းတာကိုး။ အရိပ်ရတာကိုပဲ ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဝါးရုံတောကြီးရဲ့ အနောက်မှာ ချောင်းတခု ရှိတယ်။ သောင်ရင်းမြစ်ရဲ့ အစွယ်အပွားချောင်းလေးပါ။ အဲဒီကနေ ဆက်သွားလိုက်ရင် အောက်သိုးသိုးအနံ့တခု စပြီးရှူရှိုက်မိလာတယ်။ အဲဒီအနံ့က အိမ်သာနံ့။ အိမ်သာမရှိတော့ အဆင်ပြေသလို အပေါ့အလေး စွန့်ထားလို့ အသက်ရှူတိုင်းရှူတိုင်း နှာ၀ကနေ အဆုတ်ထဲ ဝင်ဝင်လာတဲ့ အနံ့။ တော်တော် ဆိုးဆိုးဝါးဝါးကို ပြင်းထန်လွန်းလို့ အသက်အောင့်ထားတာလည်း အဆင်မပြေပါဘူး။ ပြီးခဲ့တဲ့ နှစ်မိုးတွင်းမှာ ဒီနေရာကို ဆရာတော် မင်းသုည ကိုယ်တိုင် ဦးဆောင်ပြီး အိမ်သာတွေ ဆောက်လုပ်လှူဒါန်ပေးခဲ့ပေမဲ့ စစ်ရှောင်ဦးရေ ပမာဏနဲ့ အလှူငွေရရှိမှု ငွေအင်အားက မမျှနေဘူး။ ဒါပေမဲ့ ဒီနေရာက ခြေချိုးခံထားတဲ့ လူတွေနဲ့ မျက်စိဖောက်ခံထားရတဲ့ အနာဂတ် ကလေးတွေရဲ့ ယာယီခိုလှုံရာ ဘုံနိဗ္ဗာန်ပါ။
ဝါးရုံတောကြီးကို နောက်ခံပြီး ခနော်နီခနော်နဲ့ ဆောက်ထားတဲ့ ဝါးအိမ် ကျိုးတိုးကျဲတဲတွေ ဟိုနားတစု ဒီနားတစု၊ အိမ်ခြေဘယ်လောက်ရှိမှန်း မရေတွက်မိခဲ့ပေမဲ့ လူဦးရေ ၈၀ ကျော်နေထိုင်တဲ့ စစ်ရှောင်စခန်းငယ်လေးပါ။ ချောင်ကျပြီး ထိုင်းရွာသားတွေ ပိုင်တဲ့ ပြောင်းတောကြီးအနောက်မှာ နေကြပေမဲ့ ပြောင်းဖူးတွေကိုတော့ ယူစားခွင့်မရှိပါဘူး။ အဲဒီတဲအိမ်ထဲမှာ အသက် ၁၅၀ ကျော် အဘွားအို တဦးလည်း ရှိပါတယ်။ ကျမတို့ ရောက်ရောက်ချင်းပဲ ဒံပေါက်တွေ ဝေပါတယ်၊ ဆေးဝါး၊ စောင်နဲ့ အဝတ်အထည်တွေ ပါလာသမျှ အကုန်ဝေပေးလိုက်ပါတယ်။ ကလေးတွေဆိုတာ ပျော်နေလိုက်တာလေ။ လူကြီးတွေရဲ့ မျက်ဝန်းထဲမှာတော့ မျှော်လင့်ခြင်း အရိပ်အငွေ့တွေနဲ့အတူ မောပန်းနွမ်းနယ်မှု လက္ခဏာတွေက အပြည့်။
“ကလေးဆိုတာ ဒီအသက်ဒီအရွယ်မှာ ကျောင်းတက်ရမယ့် အရွယ်၊ ပညာသင်ရမယ့် အရွယ်၊ အခုက အားလုံး ပြေးလွှားနေရတယ်၊ ကလေးတယောက် ဆိုတာ ပညာသင်ချိန်မှာ ပညာကို အပြည့်အ၀ သင်ယူရမယ်။ ပညာမသင်ရတဲ့ ကလေး၊ စာမတတ်တဲ့ ကလေးဟာ အနာဂတ်မှာ မျက်စိကန်းတဲ့ လူနဲ့တူတယ်။ ငါတို့တွေကျတော့ ခြေထောက် ရိုက်ချိုးခံထားတဲ့ လူတွေလိုပဲ ဟိုလည်း မသွားရဲ၊ ဒီလည်း မသွားရဲ၊ ဘာအလုပ်မှ မယ်မယ်ရရ မရှိ၊ အလုပ်လုပ်လို့လည်း မရ၊ ဘတ်မရှိရင် ဖမ်းခံထိတယ်။ ဘယ်မှသွားလာလို့ မရတော့ ခြေချိုးခံထားရတာနဲ့ အတူတူပဲ တူမကြီး”
မခံချင်စိတ်တွေရော၊ မုန်းတီးနာကျင်စိတ်တွေရော၊ ဒေါသစိတ်တွေရော ပေါင်းစုသွားပြီး စကားကို အရှည်ကြီး ပြောချသွားတဲ့ သူ့စကားမှာ အဓိပ္ပာယ်တွေ အများကြီး ရှိပါတယ်။
ဟုတ်ပါတယ်။ ကျမတို့ဟာ စစ်ရှောင်နဲ့ မခြား၊ ဒုက္ခသည်တွေနဲ့ မခြားတဲ့ ပြည်ပြေး ဒုက္ခသည်တွေပါ။ မင်းဆိုးမင်းညစ်တွေ အာဏာငတ်ရူးတွေရဲ့ သိမ်းပိုက်လုယူထားတဲ့ ကျမတို့ တိုင်းပြည်ကြီးဟာ သုသာန်တစပြင်ကြီးလို ငိုကြွေးမြည်တမ်းခြင်း၊ အံသွားကိုက်ခဲခြင်းနဲ့အတူ ဒဏ်ရာဒဏ်ချက် ဗရပွနဲ့ ညည်းတွားနေရတယ်။ ကျမတို့ ချစ်တဲ့ အမိမြေကနေ ကျမတို့ ထွက်ပြေးခဲ့ကြရတယ်။ သူစိမ်းအိမ်မှာ သူစိမ်းမျက်နှာကြည့်ပြီး မျက်နှာငယ်နေရ၊ အနှိမ်ခံရ၊ အထင်အမြင်သေးခံပြီး နေနေကြရတဲ့ ဘ၀တွေ၊ အများစုက ယာယီနေထိုင်ခွင့် အထောက်အထားတောင် မရှိ၊ ဟိုလည်း မသွားရဲ ဒီလည်း မသွားရဲ ကျီးလန့်စာစားရင်း မဲဆောက်မြို့ ကျဉ်းကျဉ်းမှာ ချောင်ပိတ်မိနေကြတယ်။ အားလုံးဟာ ခြေချိုးခံထားတဲ့ လူတွေလိုပါပဲ။ ကျမတို့နဲ့ အတူတူပါလာတဲ့ ကလေးငယ်တွေလည်း ဒီဒုက္ခအိုးကြီးကို မနိုင်မနင်း ထမ်းကူနေရတာပါပဲ။ တချို့ ကျောင်းမထားနိုင်သေးဘူး။ တချို့ ကျောင်းခန်းထဲ မရောက်နိုင်တော့ဘူး။ တချို့မြန်မာရွှေ့ပြောင်း ကျောင်းတွေ ပိတ်သိမ်းခံလိုက်ရတယ်။ ရှိနေတဲ့ မြန်မာကျောင်းတွေမှာလည်း ကလေးဦးရေနဲ့ ဆရာ၊ဆရာမ အရေအတွက် မလုံလောက်တာတွေ၊ စာရေးခုံနဲ့ ပစ္စည်းကိရိယာ လုံလုံလောက်လောက် မထောက်ပံ့နိုင်လို့ ခုချိန်ထိ ကျောင်းမတက်ရဘဲ ဈေးရောင်းပြီး မိဘကို ကူညီနေရတဲ့ ကလေးတွေ မဲဆောက်မှာ အပုံကြီးပါ။ ခုနက ဦးလေး ပြောသလို ကလေးတယောက်ဟာ စာသင်ရမယ့်အရွယ်မှာ စာမသင်ခဲ့ရရင် စာမတတ်ရင် နောင်တချိန်မှာ မျက်ကန်းတယောက်လို ဖြစ်သွားနိုင်ပါတယ်။
အတွေးအခေါ် အယူအဆတွေ မှားယွင်းလွဲချော်နိုင်တယ်။ အတွေးမှား အမြင်မှား၊ အကောင်းအဆိုး မခွဲခြားနိုင်တဲ့သူ ဖြစ်သွားနိုင်ပါတယ်။ ဒီတော်လှန်ရေးကြီးထဲမှာ ရာသီမကောင်းလို့ တွင်းအောင်းနေတဲ့ ဖားတွေရှိသလို၊ ရာသီပေါ်ဖား ခပ်ကြွားကြွားတွေကိုလည်း အများကြီး မြင်နေရတယ်။ ရေပေါ်ရှပ်ပြေးနေတဲ့ ဖားတပိုင်း ငါးတပိုင်းတွေလည်း ရှိသေးပါတယ်။ ကိုယ်တိုင် ပူးပေါင်းပါဝင်မှု မရှိဘဲ တော်လှန်ရေးခရီးမှာ အသာလေး မှေးလိုက်မယ်ဆိုရင်တော့ အောင်ပွဲ ဆိုတဲ့ ပန်းတိုင်ကို ရောက်တဲ့တနေ့ လူတိုင်းက ကိုယ့်သမိုင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုကြနေကြချိန် ခင်ဗျားတို့မှာ ခေါင်းငုံ့ သိမ်ငယ်ပြီး လူတောတိုးနိုင်ဖို့ နေနေသာသာ လူရာဝင်ဖို့တောင် မဖြစ်နိုင်ပါဘူး။ ကျမတို့ရဲ့ အပြန်ခရီးမှာ အတွေးတွေ အများကြီး ပါလာခဲ့တယ်။ တော်လှန်ရေးကြီးကို ဒီထက်အရှိန်မြှင့်ဖို့ ဘာတွေဆက်လုပ်ရမလဲ၊ ဘာတွေထပ်ပြီး လုပ်သင့်လဲဆိုတာလည်း စဉ်းစားဖြစ်ခဲ့ပါတယ်။
“ဦးလေးတို့က ကားသံကို နေ့တိုင်း နားစွင့်တယ်။ ကားသံကြားတိုင်း ရင်ခုန်တယ်။ အလှူရှင်ရဲ့ကား ဖြစ်ပါစေ ဆိုပြီး ဆုတောင်းရတာလေ။ အလှူရှင်ကိုပဲ အားထားနေကြရတာ၊ အလှူရှင် မလာရင်တော့ ကောင်းကောင်းဘယ်စားရမလဲ” ဆိုတဲ့ ထိုင်းနိုင်ငံ မဲဆောက်နယ်စပ် တနေရာက အသံဝဲဝဲနဲ့ ကရင် ဦးလေးတယောက်ရဲ့ စကားတွေကိုတော့ အားလုံး စာနာမိမယ် ထင်ပါတယ်။ ။
မိုင်ဇင်