Home
မြန်မာသတင်း
ဘက်ပြောင်းအလင်းဝင်သူများထဲ စစ်မှုထမ်းတပ်သားသစ် ပိုများလာ
DVB
·
March 24, 2025

စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီး  တနှစ်ကျော် ကြာလာချိန်မှာပဲ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF အဖွဲ့တွေဆီ ဘက်ပြောင်းခိုလှုံလာသူတွေအထဲ စစ်မှုထမ်း တပ်သားသစ်တွေ ပိုများလာတယ်လို့ ဘက်ပြောင်းခိုလှုံသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ဆီကနေ သိရပါတယ်။

တော်လှန်ရေး လေးနှစ်ကျော်ကြာလာချိန်မှာ စစ်ကောင်စီဘက်က စစ်သား၊ ရဲ၊ ပြည်သူ့စစ်နဲ့ စစ်မှုထမ်း  တပ်သားသစ်တွေ ဘက်ပြောင်းဝင်ရောက်လာမှုက တဖြည်းဖြည်းများပြားလာသလို အဲဒီအထဲ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ ပိုများလာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့မှ ကိုနောင်ရိုးက ပြောပါတယ်။

“စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ ပိုများလာတယ်။ အရေအတွက်လည်း များလာတာကို ပိုတွေ့ရှိလာ ရတယ်။ အလားတူပဲ အလင်းဝင် ပူးပေါင်းလာတဲ့ အရေအတွက်ကလည်း လစဉ် ပိုများလာတယ်။ စစ်ကောင်စီရဲ့ အင်အားထဲမှာ အခု စစ်မှုထမ်းဆင်း တပ်သားသစ်တွေက အများစုဖြစ်လာတာကို ကျနော် တွေ့ရတယ်။ ဒါ့ကြောင့်လည်း ရှေ့တန်းနယ်မြေအသီးသီးတွေထဲမှာ ဘက်ကူးပြောင်းအလင်းဝင်တဲ့ထဲ စစ်မှုထမ်းတပ်သားသစ်တွေ ပိုတွေ့လာရတာ ဖြစ်တယ်။ လူငယ်တွေ လူထုတွေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်း တားဂတ်အတွင်းမှာ ရှိနေတဲ့ အခြေခံလူတန်းစားတွေကြားထဲမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိ သတိပြုလာအောင် လှုပ်ရှားမှုတွေ ပြုလုပ်စေချင်တယ်။” 

ပြည်သူ့ပန်းတိုင်အဖွဲ့ဆီ ဆက်သွယ်လာတဲ့ အလင်းဝင်လက်နက်ချနဲ့ စစ်သုံ့ပန်းအရေအတွက်က မတ်လ ပထမအပတ်မှာ အလင်းဝင်စစ်သားနဲ့ ပြည်သူ့စစ် ၂၄ ယောက်ထဲ စစ်မှုထမ်း တပ်သားသစ်က ၁၈ ယောက်ပါဝင်ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃ ယောက်ထဲ စစ်မှုထမ်းတပ်သားသစ် တယောက်လည်း ပါဝင်ပါတယ်။ မတ်လ ဒုတိယ အပတ်ထဲမှာတော့ အလင်းဝင် စစ်သားနဲ့ ပြည်သူ့စစ် ၂၈ ယောက်ထဲ စစ်မှုထမ်းတပ်သားသစ် ၁၃ ယောက် ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ပြည်သူ့ပန်းတိုင်တခုတည်းကိုပဲ ဆက်သွယ်လာတဲ့  အလင်းဝင် လက်နက်ချနဲ့ စစ်သုံ့ပန်းအရေအတွက်က မတ်လ ပထမနှစ်ပတ်တာမှာ ၁၀၃ ယောက်ရှိခဲ့ပါတယ်။

Spring UAV Force - G3 မှ ရဲဘော်လင်းလင်းကတော့ စစ်မှုထမ်းဥပဒေထွက်ရှိပြီး မကြာခင်မှာပဲ ကိုယ့်ရဲ့ လွတ်လပ်ခွင့်တွေအတွက် စစ်ကောင်စီကို လက်နက်ကိုင် ပြန်လည်တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာလို့ DVB ကို ပြောပါတယ်။

“ကျနော့်မိဘတွေကတော့ အစတည်းက နိုင်ငံခြားမှာရှိတာဆိုတော့ ကျနော်က အေးအေးဆေးဆေးနဲ့ နောက်ကြောင်းအေးပြီးတော့ လာနိုင်တာပေါ့။ ငါတို့ ဒီဟာကို မရရအောင် တိုက်ထုတ်ရအောင် ငါတို့ တော်လှန်မှ ဖြစ်မယ်၊ ငါတို့ ဒီတိုင်းဆက်နေလို့ မရတော့ဘူးဆိုတဲ့ အတွေးနဲ့ ဒီဘက်ကိုရောက်လာခဲ့တာပါ။ ကျနော်တို့ရဲ့ လွတ်လပ်ပိုင်ခွင့်တွေ၊ ကျနော်တို့ရဲ့ အိပ်မက်တွေ၊ ကျနော်တို့ရဲ့ မိသားစုတွေနဲ့ နေထိုင်ခဲ့ရတာတွေ ဆုံးရှုံးရတာပေါ့။ နိုင်ငံရဲ့ အခြေအနေအရ ဒီကောင်တွေ ကျနော်တို့ကိုခေါ်တဲ့ ရည်ရွယ်ချက်က ကျနော်တို့ကို ရှေ့တန်းပို့မယ် ကျနော်တို့ကို PDF တွေနဲ့ တိုက်ခိုင်းမယ်၊ သူတို့ရဲ့ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ကျနော်တို့ကို သုံးချနေတယ်လို့ ခံစားရလို့ပါ ဒီစစ်မှုထမ်းဥပဒေက။”

စစ်မှုထမ်းအပတ်စဉ်တစ်ခုကို လူဦးရေ ၅၀၀၀ နဲ့ သတ်မှတ်ခေါ်ယူနေခဲ့တာဖြစ်ပြီး အခု အမှတ်စဉ် ၁၁ ထိဆို လူငယ်ပေါင်း သောင်းချီ ရှိလာနေပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁၁ ကို ပြီးခဲ့တဲ့မတ် ၁၇ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ကြေညာခဲ့ပြီး မကြာခင်မှာပဲ အပတ်စဉ် ၁၂ အတွက်စတင်ပြီး မြို့နယ်ရပ်ကွက်တွေမှာ လိုက်လံနှိုးဆော်ခေါ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013