Home
မြန်မာသတင်း
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အား ၁၀၇ မမ ရှော့ဒုံးများဖြင့် တိုက်ခိုက်
DVB
·
March 24, 2025

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မတ် ၂၃ ရက်နေ့ ည ၁၀ နာရီလောက်က စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နဲ့ MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်မှုအခြေအနေနဲ့ နောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ BWM အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ရဲဘော်တွေအားလုံးကတော့ ဘေးကင်းလုံခြုံစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ရန်သူဘက်က ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ကျနော်တို့လူတွေ ပြန်ဆုတ်လာတဲ့အချိန်အထိ ဘာမှတုံ့ပြန်တာ မတွေ့ရပါဘူး။”

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ရှိ လက်ရုံးတပ်ဖွဲ့တွေကို စစ်ရေးကွပ်ကဲမှုပေးနေတဲ့ အရေးပါတဲ့ စစ်ဌာနချုပ်ဖြစ်ပြီး အဆိုပါ ဒေသတွေရှိ ပြည်သူတွေကို စစ်ကြောင်းထိုး သတ်ဖြတ်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ လေယာဉ်တွေ၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲ သတ်ဖြတ်တာတွေကို ပြုလုပ်နေတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တယ်လို့ BWM အဖွဲ့က ဆိုပါတယ်။

ဒါကြောင့်လည်း BWM နဲ့ မဟာမိတ်အဖွဲ့တွေက အညာဒေသ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ အဓိက ရန်သူဌာနချုပ်ဖြစ်တဲ့ နမခ ကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ် သတ်မှတ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ပစ်ခတ်တိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers ၊ BWM အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ နမခ တိုင်းမှူးအဖြစ် ရှမ်းမြောက်မှာ စစ်သုံ့ပန်းဖြစ်ခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေးက တာဝန်ယူထားရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013