
ထိုင်းနိုင်ငံမှာ မာဆတ်ဝန်ဆောင်မှုလုပ်ငန်း သန့်ရှင်းစေဖို့နဲ့ အဆင့်မြင်အောင်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
ကျန်းမာရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ် ကော့ဆစ် ဆူဗန်နီဂျစ်က Wellness SPAs တွေ အပါအဝင် မာဆတ်လုပ်ငန်း တိုးတက်လာတာကို မီးမောင်းထိုးပြခဲ့ပြီး အရည်အချင်းပြည့်မီတဲ့ ထိုင်းမာဆတ် အနှိပ်ပညာသည် ၅၀,၀၀၀ လောက် လိုအပ်နေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
စံနှုန်းမညီတာ၊ မသင့်တော်တာတွေ လုပ်တာကြောင့် ဒီအသက်မွေးဝမ်းကျောင်းရဲ့ ပုံရိပ်ကို ထိခိုက်စေပြီးတော့ ထိုင်းမာဆတ်ကို ပြည့်တန်ဆာအိမ်တွေနဲ့ မကြာခဏ ဆက်စပ်မိစေတဲ့ အချက်ကို ပူပန်မိတယ်လို့ ဆိုပါတယ်။
နွတ်ထိုင်းလို့ ခေါ်တဲ့ ထိုင်းမာဆတ် အစစ်နဲ့ စံချိန်မမီတဲ့ ဝန်ဆောင်မှုတွေကြား ရှင်းရှင်းလင်းလင်း ကွဲပြားအောင် လုပ်ဖို့လိုတယ်လို့လည်း ကျန်းမာရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှူးအဖွဲ့ကြီး (ယူနက်စကို) က နွတ်ထိုင်း ပညာရပ်ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၂၀၁၉ ကတည်းက တရားဝင် အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။
ဒါကြောင့် နွတ်ထိုင်း လို့ သုံးတဲ့ လုပ်ငန်းတွေဟာ သတ်မှတ်စံနှုန်းနဲ့ ကိုက်ညီဖို့ လိုတယ်လို့လည်း ကော့ဆစ်က ပြောပါတယ်။
အရင်တုန်းက အမှားအယွင်းတွေရှိတာကြောင့် ထိုင်းမာဆတ်ကို မာဆတ်ပါလာတွေနဲ့ မှားယွင်းကြတယ်လို့လည်း ထောက်ပြပါတယ်။
ဝန်ကြီးဌာနဟာ ကျွမ်းကျင် ပြည်တွင်း မာဆတ်အနှိပ်ပညာသည် ပရောဂျက်ကို အကောင်အထည် ဖော်နေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် သင်ယူမှု နာရီအပေါ် မူတည်ပြီး အခြေခံကနေ ကျွမ်းကျင်ပညာရှင်အထိ အဆင့်ခွဲခြား သတ်မှတ်သွားမယ်လို့လည်း သိရပါတယ်။ ဒါမှသာ အနှိပ်ပညာသည်တွေအနေနဲ့ အသိအမှတ်ပြု လက်မှတ်တွေ ရဖို့အတွက် ထပ်မံသင်ယူလိုစိတ် ရှိလာမယ်လို့လည်း ဆိုပါတယ်။