Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေး တက်မည်
DVB
·
March 23, 2025

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဧပြီ ၃ ရက်ကနေ ၄ ရက်အထိ ဘန်ကောက်မြို့ကို လာရောက်မယ်လို့ သတင်းရင်းမြစ်တခုက အတည်ပြုကြောင်း  ထိုင်း BPS သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ၆ ကြိမ်အဖြစ် ကဏ္ဍစုံနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်ကအတည်ပြုကြောင်း သတင်းမှာ ဖော်ပြထားတာပါ။

ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်အတွက် ၂၀၂၁ ခု စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘန်ကောက်ကို လာရောက်မယ့် ပထမဆုံးခရီးစဉ် ဖြစ်လာမှာပါ။

အဲဒီ ထိပ်သီးအစည်းအဝေးအတွင်းမှာ အဓိကကျတဲ့ကိစ္စရပ်တွေကို ပြင်ဆင်ဖို့ အကြီးတန်းအရာရှိတွေရဲ့ အစည်းအဝေးတွေလည်း ဆက်တိုက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။ 

ဒါဟာ ထိုင်းဝန်ကြီးချုပ် ရှင်နာဝပ်ထရာက သဘာပတိအဖြစ် ဦးဆောင်ကျင်းပမယ့် ပထမဆုံး ထိပ်သီးအစည်းအဝေးလည်း ဖြစ်လာမှာပါ။

BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကလည်း သူတို့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်မယ့် အကြောင်းကို ကြေညာထားကြပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြရာမိုဒီကလည်း အဖွဲ့ဝင် ၇ နိုင်ငံဖြစ်တဲ့ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနဲ့ ထိုင်းနိုင်ငံက ခေါင်းဆောင်တွေနဲ့အတူ တက်ရောက်မှာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်က ဘန်ကောက်မှာ ဖွဲ့စည်းခဲ့တဲ့ BIMSTEC ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်မှန်းခဲ့တာပါ။

တောင်အာရှနဲ့အရှေ့တောင်အာရှအကြား ပေါင်းကူးတံတားအဖြစ်ဆောင်ရွက်ပြီး ဒေသတွင်း စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုတွေကို မြှင့်တင်ပေးတာလည်း ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေ သံတမန်ရေးနဲ့ စီးပွားရေး ဆက်ဆံရေးခိုင်မာစေဖို့အတွက် နှစ်နိုင်ငံအစည်းအဝေးတွေ ဆက်တိုက်ကျင်းပသွားမှာပါ။

ဒါ့အပြင် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်း ချိတ်ဆက်မှုတို့ကိုလည်း အဓိကထား လုပ်ဆောင်သွားမယ်လို့ သတင်းရင်းမြစ်ကို ကိုးကားပြီး Thai PBS သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတုန်းက စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ပြုလုပ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013