
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မတ် ၂၃ ရက်နေ့ (တနင်္ဂနွေနေ့)မှာ ရောမမြို့ ဂျမဲလီ ဆေးရုံကနေဆင်းမှာဖြစ်ပြီး ဗာတီကန်မှာ အနည်းဆုံး ၂ လ အနားယူဖို့ လိုအပ်တယ်လို့ ကုသပေးနေတဲ့ ဆရာဝန်တွေက အတည်ပြုပါတယ်။
သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ရဟန်းမင်းဟာ ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီးတော့ အဆုတ်နှစ်ဖက်လုံး နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်ပွားတဲ့အတွက် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းက ဆေးရုံတက်ကုသခဲ့ရတာဖြစ်ပါတယ်။
ဆေးရုံမှာ ၅ ပတ်နေခဲ့ရချိန်ကာလအတွင်းမှာ အသက်အန္တရာယ် စိုးရိမ်စရာပြင်းထန်အခြေအနေ နှစ်ကြိမ်ကြုံခဲ့ရတယ်လို့ ဒေါက်တာ ဆာဂျီယို အယ်လ်ဖီရီက ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ လုံးဝသက်သာသွားတာမျိုးမဟုတ်သေးပေမဲ့ နမိုးနီးယားမရှိတော့သလို တည်ငြိမ်တဲ့ အခြေအနေရောက်သွားပြီလို့ ကုသပေးနေတဲ့ ဆရာဝန်တွေက မတ် ၂၂ ရက်နေ့က အတည်ပြုပါတယ်။
အဆုတ်နှစ်ဖက်လုံးနမိုးနီးယားဖြစ်တဲ့ လူနာတွေဟာ အသံနည်းနည်းထိခိုက်ပြီး၊ အထူးသဖြင့် အသက်ကြီးပိုင်းမှာ ပိုသိသာတဲ့အတွက် ရဟန်းမင်းကြီးရဲ့အသံ ပုံမှန်ပြန်ဖြစ်ဖို့တော့ အချိန်ယူရမယ်လို့ ဆရာဝန်တွေကပြောပါတယ်။
Source: Reuters