အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် အထင်အမြင်လွဲမှားမှုသာဖြစ်ပြီး ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာမီဒီယာတွေမှာ တာဝန်ရှိတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီနဲ့ မယ်ရီလန်းပြည်နယ်က မြန်မာမိသားစုတွေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းတို့ ဒေသစံတော်ချိန် မတ် ၂၂ ရက် မွန်းလွဲပိုင်းမှာ မယ်ရီလန်းပြည်နယ်မှာ တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံပွဲအပြီးမှာ မီဒီယာတွေကို တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ပြီး အာဂျင်တီးနားတရားရုံးက ထုတ်ပြန်တဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ နာမည်တွေ ပါဝင်နေတာဟာ နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းမှားယွင်း ဖော်ပြချက်တွေကြောင့်ဖြစ်ပြီး ပြန်လည်ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
ကိုထိန်လင်းက “အဲ့ဒီမေးခွန်းက ရှည်လျားလွန်းတယ်၊ ဘာလို့လဲဆိုတော့ အဖြေကလည်း ရှည်လျားကျယ်ပြန့်နေလို့ပါ။ ရိုဟင်ဂျာအရေးမှာ စစ်တပ်နဲ့ ပတ်သက်ခဲ့လို့ ကျနော့်အမေကို လူတွေက အမြင်လွဲခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နိုင်ငံတကာမီဒီယာတွေဟာ ကျနော့် အမေနဲ့ ပတ်သက်ပြီး လိမ်ညာဖော်ပြမှုတွေအတွက် တာဝန်ယူဖို့ လိုအပ်ပါတယ်။ လူတွေအ များကြီးအပေါ်မှာ ဒီကိစ္စနဲ့ပတ်ပြီး သက်ရောက်မှုတွေအများကြီးရှိခဲ့တာထင်ရှားပါတယ်။ ဒါပေမဲ့ သူတို့က တိတ်ဆိတ်နေခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကမ်ပိန်းအတွက် အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ ထိန်လင်းဟာ မတ် ၁၅ ရက်မှာ နယူးယောက်မြို့၊ မတ် ၁၆ ရက်နေ့မှာ ဘော်စတွန်မြို့က မြန်မာမိသာစုတွေနဲ့တွေ့ဆုံခဲ့ပြီး ဝါရှင်တန်ဒီစီကို ခရီးဆက်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “ဂီတာလေးကလည်း ရှစ်လေးလုံး အထိမ်းအမှတ်ဖြစ်တဲ့ ဒေါ်လာ ၈၈၈၈ နဲ့ လေလံအောင်မြင်သွားပါတယ်။ ကျန်တဲ့လေလံဖြစ်တဲ့ အမေစုပုံရယ်၊ အမေစုပြက္ခဒိန်လေးရယ် ကျနော်တို့လေလံအောင်မြင်ပါတယ်။ ဆိုတော့ ဒီပွဲကို တက်ရောက်လှူဒါန်းပေးတဲ့လူတွေရော ကင်မ်အဲရစ်ကို လာတွေ့ဆုံပြီးတော့ ကျေးဇူးတင် စကားပြောကြားပေးတဲ့ ပြည်ပရောက်တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်”လို့ ပြောပါတယ်။
ကိုထိန်လင်းရဲ့ အမေရိကန်ခရီးစဉ်ဟာ စစ်ဘေးသင့်မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လည်လွတ်မြောက်ရေးတို့အတွက် နိုင်ငံတကာရဲ့ အာရုံ စိုက်မှု ပိုရလာအောင် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်ဘေးသင့်ပြည်သူတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေ သန့်ရရှိရေးပရောဂျက်ကို ကိုထိန်းလင်းက စတင်စီစဉ်နေပြီး ရန်ပုံငွေ ရနိုင်သလောက်များများရအောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
သုတချမ်းသာ