
(က)
စိမ်းသရဖူစိမ်း အဘစိမ်းမောင်တို့အိမ်မှာ ရေနွေးကြမ်းသောက်ရင်း စကားပြောဖြစ်ကြပါ၏။ အကြီးကောင် လေမောင်နှင့် အငယ်ကောင် စိမ်းကိုကိုတို့က ဓာတ်ဘူးနှင့် အမြည်းပန်းကန်များကို လာချပေးရင်း သင်္ကြန်တွင်း သူတို့၏အစီအစဉ်များကို ပြောနေသံ ကြားရပါ၏။
“ရွာထိပ်မှာ မဏ္ဍပ်ထိုးမယ်၊ စတိတ်စင်လည်း ဆောက်မယ်”
“မင်းတို့က တက်ကြွလှချေလားဟ”
“တက်ကြွရတာပေါ့ အဘစောမူးသာရယ်၊ တနှစ်မှ တခါ နှစ်ကူးရတာကို”
“တနှစ် တခါတော့ မကပါဘူးကွာ၊ ကမ္ဘာ့နှစ်ကူးလည်း မင်းတို့တွေ ပါတာပဲ၊ ကရင်နှစ်သစ်ကူးလည်း မင်းတို့နှစ်ကောင် ပါတာပဲ၊ တရုတ်နှစ်သစ်ကူးလည်း မင်းတို့နှစ်ကောင် ရှေ့ဆုံးကပဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ”
“သင်္ကြန်မဏ္ဍပ်မှာ စတိတ်စင်ပါ ဆောက်မယ် ဆိုတော့ ဖျော်ဖြေရေးလည်း ပါတယ်ပေါ့”
“ဒါပေါ့ အဘလုံးတုံးရ၊ ပျော်မယ် ပါးမယ် ကဲမယ် ဖြဲမယ်”
“အင်း . . . ဒီလို ခေတ်ဆိုး ခေတ်ပျက် ကာလနာကာလကြီးမှာ မင်းတို့က ကဲချင် ဖြဲချင်သေးသကိုး”
“ဒါကတော့ လူငယ်သဘာဝကိုး အဘရဲ့”
“အေး . . . နိုင်ငံနဲ့ လူမျိုးအတွက် အသက်တွေကို ကြည်ကြည်ဖြူဖြူ ပေးလှူနေတဲ့ ဟိုလူငယ်လေးတွေနဲ့တော့ ကွာပါ့ကွာ”
အဘစောမူးသာက တိုးတိုးသက်သာ ညည်းတွားရင်း စိတ်မကောင်းစွာ ပြုံးပြပါလေ၏။ ပြီးတော့ အစွန်းရောက် အစိမ်းဖခင်၏မျိုးဆက် အစိမ်းညီနောင်ကို “မင်းတို့မဏ္ဍပ်မှာ ငါတို့ကော လာဖြေဖျော်လို့ရလား” ဟု ပြုံးစိပြုံးစိဖြင့် မေးလေရာ “ရတာပေါ့ အဘစောမူးသာရ၊ အဘတို့လည်း အဆိုကောင်းတွေပဲဟာကို” ဟု အားတက်သရော ဖိတ်ခေါ်ပါလေ၏။
“အဲဒါဆိုရင်တော့ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်က ဖိတ်ထားတာကို ဖျက်လိုက်ပြီး မင်းတို့ မဏ္ဍပ်မှာပဲ လာ ‘ဖြဲ’ တော့မယ်ဟေ့”
“ဘယ် သင်္ကြန်သီချင်းများ ဆိုချင်လဲ အဘ”
“သင်္ကြန်သီချင်းတွေတော့ အတော်များများ ပိုင်ပါတယ်ကွာ”
“နမူနာတပုဒ်လောက် ပြောပြပါလား”
ထိုအခါ အဘစောမူးသာက “ပြောမပြဘူး၊ တခါတည်း ဆိုပြမယ်” ဟုဆိုကာ သူ၏ဖုန်းထဲမှ ကာရာအိုကေတီးလုံးများကို ရှာနေပါလေ၏။ ခဏအကြာမှာပဲ တီးလုံးကိုဖွင့်ကာ စာမြှောင်ကပ်တေးတပုဒ်ကို လက်တန်းတွေးထုတ်ကာ သီဆိုပြပါလေတော့သတည်း။
“သင်္ကြန်ခါတော် စစ်ကစားကြတာ
ပျော်ရွှင်စရာ
ချောင်းကာ တက်ကာ
ကြင်စိုးတပ်ကို အသေချာနွှာ
သြော် . . . အသေများမှာ
အသေများမှာ
ကြင်စိုးတော့ ငိုနေပြီပေါ့ကွာ”
(ခ)
အဘစိမ်းမောင်က “ရီးပဲ” ဟု တိုးတိုး ကပ်ဆဲလေရာ တဟားဟား ရယ်ကြရပါ၏။ အရွှင်အဘတွေက အစိမ်းညီနောင်ကို မင်းတို့တွေကော ဘယ်သီချင်းတွေဆိုမှာလဲဟု ‘ပင့်’ ပေးပြန်ပါလေရာ အဘစိမ်းမောင်က ဘုကြည့် ကြည့်ပါလေ၏။
“ကျုပ်ကတော့ ‘နွေမ’ ကို ကြိုက်တယ်ဗျ”
“မင်းမှာ ကာရာအိုကေတီးလုံး ရှိတယ်မဟုတ်လား၊ နမူနာ ဆိုပြပါလား လေမောင်ရ”
လေမောင်ကလည်း သိပ်မပြောလိုက်ရ၊ တီးလုံးရှာကာ အကျအန ဆိုပြပါလေတော့၏။
“ဟေ့ဟေ့ နွေမ
ဟေ့ဟေ့ နွေမ
နွေမရဲ့ကပုံလေးက
ချစ်စရာကွယ် . . .
ဟေ့ဟေ့ နွေမ
ဟေ့ဟေ့ နွေမ
ဘယ်တော့မှ မေ့မရအောင်
ဖက်ထားပါအုံးကွယ်
နွေမလေးက သင်္ကြန်လိုက
ဒီရေနန်းက သင်္ကြန်လိုဆို
နွေမလေးက သင်္ကြန်လိုက
ဒီရေနန်းက သင်္ကြန်လိုကြို
ပြန်ပါနဲ့အုံးကွယ်
နွေမမာလာ
ပြန်နဲ့ အုံးကွယ်”
“ဖြောင်းဖြောင်း ဖြောင်းဖြောင်း ဖြောင်းဖြောင်း”
လေမောင့် သီဆိုမှုကို လက်ခုပ်လက်ဝါးတီးကာ အားရပါးရ အားပေးခဲ့ကြပါလေရာ လေမောင်ကလည်း စင်ပေါ်မှ အဆိုတော်များကဲ့သို့ “သိုင်းကျူး သိုင်းကျူး” ဟု တုံ့ပြန်ပါလေ၏။ အဘလုံးတုံးကလည်း ဤသို့ဝင်ကာ ပါလာပါလေ၏။
“သီချင်းတွေမှာ မူကွဲတွေလည်း ရှိတတ်တယ်ကွ လေမောင်ရ၊ ငါ့မှာ အဲသည်သီချင်းရဲ့ မူကွဲ ရှိတယ်ကွ”
“ဟုတ်လား အဘလုံးတုံး၊ ဆိုပြပါအုံး”
အဘလုံးတုံးကလည်း တီးလုံးကိုပြန်ဖွင့်ခိုင်းကာ စာမြှောင်ကပ်တေးတပုဒ်ကို အဟုတ်ဆိုချလိုက် ပါလေတော့သတည်း။
“ဟေ့ဟေ့ အဘ
ဟေ့ဟေ့ အဘ
လေအဘတပ် ပြုတ်ပုံများက
ညစ်စရာကွယ် . . .
ဟေ့ဟေ့ သာဝ
ဟေ့ဟေ့ သာဝ
ဘယ်တော့မှ ကြွမရအောင်
ဖိထားကြအုံးကွယ်
လေအဘကြီးက ရန်လိုသမျှ
တော်လှန်ရေးက အမြန်ကိုဖြို
သာဝကြီးက ရန်လိုသမျှ
တော်လှန်ရေးက အမှန်အကန်ဖြို
ခံပါလှည့်အုံးကွယ်
လေအဘ အသေသာ
ခံလှည့် အုံးကွယ်”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
“မင်းတို့ကောင်တွေကွာ ကလေးတွေကို မဟုတ်ကဟုတ်ကတွေ ဆိုပြနေတယ်”
“ငါတို့က အပျော်နောက်တာပါ စိမ်းမောင်ရာ”
“ရီး တဲ့မှပဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ”
အရွှင်အဘတွေက တဦးနှင့် တဦး ပြုံးစစနှင့် ကြည့်လိုက်ကြကာ တဆင့်တက်ရန် ကြံနေကြပုံ တွေ့ရပါလေ၏ ခင်ဗျာ။ “ဒါနဲ့ လေမောင်တို့ ‘သံချပ်’ ဆိုတာကော သိကြလား” ဟု မေးလာပါလေ၏။
“အခုခေတ် ‘ရက်ပ်’ သီချင်းတွေဟာ ‘သံချပ်’ တွေကနေ ဆင်းသက်လာတာလို့ ကြားဖူးတယ် အဘလုံးတုံး”
“အမယ်မယ် . . . မဆိုးဘူးဟ၊ ခေတ်လူငယ်တွေရဲ့ ခေတ်အပေါ် ထောက်ပြဝေဖန်တဲ့ ရက်ပ်တွေလိုပဲ ရှေးတုန်းက လူငယ်တွေဟာလည်း ခေတ်ကြီးပေါ်က အမြီးအမောက်မတည့်မှုတွေကို သင်္ကြန်ကာလမှာ ‘သံချပ်’ တွေ တိုင်ပြီး ဖွင့်ထုတ်လို့ အစိုးရကိုအသိပေးသလို ပြည်သူလူထုကိုလည်း ပျော်ရွှင်စေခဲ့တာပေါ့ကွာ”
“အဲသည်လိုကိုး”
“အေးကွ စိမ်းကိုကို ရ”
“မင်းတို့ဖခမည်းတော် စိမ်းမောင်ကြီးတောင်မှ ငါတို့တွေနဲ့အတူ သင်္ကြန်တွင်းတွေမှာ သံချပ်တွေ တိုင်ခဲ့ဖူးသကွ”
“ဟုတ်လား အဖေ”
“အေး . . . အဲ . . .”
“အဲသည်ကာလက ဆရာမောင်ကြေးမုံတို့ ဂန္ထဝင်မောင်ဝိုင်းတို့ ကဗျာဆရာကြီး အညာတမာတို့ရဲ့ သံချပ်တွေကို အတုယူပြီး ငါတို့တွေလည်း ရေးကြ တိုင်ကြ ထိုးခဲ့ကြတာပေါ့”
“ရက်ပ်သီချင်းတွေလို မိုက်မှာပဲ နော်”
“မိုက်တာပေါ့ကွ”
“အခုခေတ်မှာတော့ အဲဒီသံချပ်တွေ ခေတ်မစားတော့ဘူးနော်”
“ခေတ်မစားတာ မဟုတ်ဘူးကွ၊ ဖက်ဆစ်တပ်က သံချပ်သမားတွေကို ဖမ်းဆီးနှိပ်စက်လွန်းလို့ ခေတ်ပျက်မို့ ငြိမ်နေကြတာ”
“အင်း . . . နားထောင်ချင်လိုက်တာ အဘရာ”
ထိုအခါ အရွှင်အဘနှစ်ဦးက တဦးနှင့်တဦး ပြုံးစိစိကြည့်လိုက်ကြပြီး “ငါတို့မှာ အသစ်ရေးထားတာ ရှိတယ်ကွ၊ အတိုင်အဖောက် ထိုးပြရမလား” ဟု ပြောလေရာ “ထိုးပြ ထိုးပြ” ဟု တောင်းဆိုကြပါ၏။ အဘစိမ်းမောင်ကတော့ မျက်ခုံးတွေ ခပ်လှုပ်လှုပ် ဖြစ်နေပုံရပါ၏။
များမကြာခင်မှာတော့ အရွှင်အဘနှစ်ဦး၏ ခေတ်ကာလပုံရိပ်ကို ထင်ဟပ်ထားသည့် သံချပ်ထိုးသံကို နားဆင်ကြရပါလေတော့သတည်း။
“သွေးစွန်းလက်နဲ့ ဘုရားတည် မတရားပြည်က ဘုရင်သောက်ရူး”
“မျောက်မူးကြီးလက်က သေနတ်သည် သတ်နေသည်မှာ သွေးချောင်းမဆုံး”
“ပြေးအောင်းပုန်းရ လူထုမှာ ပူမှုရက်ကြာ ကုဋေဆိုးရွား”
“မအေရိုးများ သက်တော်ရှည် ရက်စက်သလေ ကမ်းကုန်ပါရဲ့"
“လမ်းကြုံတာနဲ့ ပါးရိုက်ချင် အငှားလိုက်ပင် ရိုက်ချင်ပါပေါ့”
“မိုက်ရင်လာပေါ့ ပြည်သူ့ဆီ ဒီလူ့ပြည်က မောင်းထုတ်လိုက်ဟဲ့”
“ပေါင်းယုတ်လိုက်တဲ့ အစိမ်းကောင်တွေ ဘရိမ်းချောင်နေ မူးကြ ရူးကြ”
“ထူးလှပါတဲ့ အဘခေတ်ဟာ ဓားပြခေတ်သာ ဖြစ်ခဲ့ပါရဲ့"
“ချစ်ခဲ့ပါသတဲ့ နိုင်ငံတော်ဆို ပြိုင်စံမပေါ်ကို သူခိုးကြီးများ”
“အမျိုးကြီးပွားရေး သူတို့ဖော်ဆောင် ယူဖို့နော်နောင် နိုင်ငံမွဲကျ”
“ပြိုင်စံစွဲကြ တိုင်းပြည့်ဘဏ္ဍာ ရိုင်းသည့်ကံကြမ္မာ ပြည်သူခွက်စွဲ”
“ညီတူဖျက်မြဲ တက်ညီလက်ညီ ဝှက်သည်နှက်သည် သူခိုးအဘများ”
“အစိုးမရသား ငနွားတွေ အလကားလေ ဆန်ကုန်မြေလေး”
“ကံမကုန်သေးတော့ ထောင်အုံးလေ နောင်အပြုံးဝေ မသေချာတော့”
“အဖြေရှာပေါ့ အဘတွေ ‘အမရေ ကယ်ပါအုံး’ လား”
“ဟေ့ စိန်လား ဟေ့ မြလား
ဟေ့ မြလား ဟေ့ စိန်လား
ဝိုင်း ထုထောင်းစို့ ဗျား”
ဖေကြီး(လေရှီး)