ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့နားမှာ မတ် ၂၁ ရက်က မိုးသက်လေပြင်းတိုက်ခတ်လို့ စေတီဘုရား၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ စစ်ရှောင်တဲ ၁၀ လုံးကျော်နဲ့ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ မွန်းလွဲ ၁ နာရီလောက်စပြီး ညနေ ၃ နာရီကျော်အထိ မိုးရွာပြီးတဲ့နောက် လေပြင်းတိုက်ခတ်တာကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးထက်မနည်းနဲ့ စာသင်ကျောင်း တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင် အမျိုးသားတယောက်က “မိုးရွာပြီးတော့ လေတိုက်တာ၊ အမိုးတွေက မိုးကာနဲ့ ပဲကော၊ အဲ့ဒီမိုးကာတွေက ပြဲထွက်သွားတာ။ ဖြစ်စဉ်အတွင်း လမ်းမပေါ်မှာ လယ်တောတွေမှာ ဘယ်သူမှ မနေရဲဘူး။ ကြုံရာအိမ် ဝင်နားကြတာ။ အဲ့ဒါ (မိုးကာ)တွေက ပြန်ပြင်နေကြပါတယ်"လို့ ပြောပါတယ်။
အဲဒီနေရာမှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေကြတာဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေက လွိုင်ကော်မြို့နယ်အနောက်ဘက်ခြမ်းကနေ စစ်ရှောင်လာကြတဲ့ စစ်ရှောင်တွေဖြစ်ပါတယ်။
ဒေသခံအမျိုးသားတယောက်က "မိုးရွာတာ တော်တော်ကြာတယ်။ မိုးလည်းရွာလေလည်း ကြမ်းတယ်။ အမိုးတွေလန်ကုန်တာလည်းရှိတယ်။ ကွမ်းသီးပင်တွေ ကျိုးကျတာလည်းရှိတယ်။ စာသင်ကျောင်းတွေလည်း ပျက်စီးတယ်။ စေတီတွေလည်းပြိုကျတဲ့ အနေအထားတခုပေါ့” လို့ပြောပါတယ်။
ပျက်စီးသွားတဲ့ စာသင်ကျောင်း ၂ ကျောင်းဟာ KG ကနေ Grade 7 နဲ့ KG ကနေ Grade 10 အထိ ဖွင့်လှစ်ထားပြီး ဆရာ/မနဲ့ ကျောင်းသူ ကျောင်းသား စုစုပေါင်း ၄၀၀ ဝန်းကျင် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။
စာသင်ကျောင်းမှာလည်း စာသင်ကြားနေရင်းကနေ မိုးသက်လေပြင်းကြောင့် ပျက်စီးခဲ့ရပြီး စာသင်နှစ်က မပြီးသေးတဲ့အတွက် ကျောင်းကို ပြန်လည်ပြုပြင်ဖို့အတွက် မိုးကာနဲ့ အခင်းအတွက် အကူညီလိုအပ်နေပါတယ်။