Home
မြန်မာသတင်း
EAO ထိန်းချုပ်ဒေသနှင့် ပြည်ပရောက် မြန်မာများ နေရပ်ပြန်လာကြရန် စစ်ကောင်စီ ထပ်မံ ဖိတ်ခေါ်
DVB
·
March 21, 2025

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေ ထိန်းချုပ်တဲ့ ‌ဒေသတွေနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိနေရပ်ကို ပြန်လည်ဝင်ရောက်လာကြဖို့ စစ်ကောင်စီက မတ် ၂၁ ရက်မှာ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ပေးတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူတချို့ကို အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အဦတွေနဲ့ ပုဂ္ဂလိကပိုင် အဆောက်အဦတွေ ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွေမှာ ငွေကြေးအရဖြစ်စေ၊ တခြားနည်းလမ်းနဲ့ဖြစ်စေ၊ နက်ရှိုင်းစွာ ပါဝင်သူတွေကလွဲပြီး စိုးရိမ်စိတ်နဲ့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် နီးစပ်ရာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ်ရေးရုံးတွေနဲ့ ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့ကတော့ စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အရင်တုန်းကလည်း စစ်ကောင်စီက အလားတူ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံသား အများအပြားဟာ EAO တွေရှိတဲ့ နေရာတွေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

တဖက်မှာလည်း စစ်ကောင်စီအနေနဲ့ အခုလို မြန်မာနိုင်ငံသားတွေကို ပြန်လည်ဝင်‌ရောက်ဖို့ ခေါ်ယူနေတာဟာ စစ်မှုထမ်းဥပဒေကြောင့် စစ်သားသစ်စုဆောင်းဖို့အတွက်သာ ဖြစ်တယ်လို့ လူ့အခွင့်အ‌ရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ အာဏာဖီဆန် CDM လုပ်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင့် ခိုလှုံကြဖို့ ဖိတ်ခေါ်ထားပါတယ်။ 

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024