Home
မြန်မာသတင်း
မြန်မာလူဦးရေ ၁ သန်းကျော်အတွက် စားနပ်ရိက္ခာအထောက်အပံ့ရပ်ဆိုင်းမည်ဟု WFP ကြေညာ
DVB
·
March 14, 2025
Photo : WFP

ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားနေတာကြောင့် ၂၀၂၅ ခုနှစ် ဧပြီလကနေစပြီး မြန်မာနိုင်ငံတဝန်း လူဦးရေ ၁ သန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီတွေ ရပ်ဆိုင်းရတော့မယ်လို့  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ် ၁၄ ရက် ဒီနေ့ အသိပေး ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေနဲ့ သွားရောက်ကူညီနိုင်ခွင့် ကန့်သတ်ချက်တွေကြောင့် အခုလို အထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာကြောင့် စားနပ်ရိက္ခာရရှိဖို့ WFP ရဲ့ အထောက်အပံ့ကို အားထားနေရတဲ့ ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းက နေရပ်စွန့်ခွာသူ ၁ သိန်းကိုလည်း ထိခိုက်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် WFP ဟာ ထိခိုက်လွယ်မှုအမြင့်ဆုံးဖြစ်တဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းသူတွေ ပါဝင်တဲ့ လူဦးရေ ၃၅,၀၀၀ လောက်ကိုသာ ကူညီထောက်ပံ့ပေးနိုင်တော့မယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်းဖော့ဒ်က “အခုဖြစ်လာမယ့် အကူအညီ ရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီတခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုအတွက် ပြင်းပြင်းထန်ထန် ဆိုးရွားရိုက်ခတ်နိုင်ပါတယ်။ ကျနော်တို့ WFP အနေနဲ့ မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက် ကြိုးစားလုပ်ဆောင်နေမှာ ဆိုပေမဲ့လည်း အကူအညီလိုအပ်နေတဲ့သူတွေဆီ ဆက်လက်ပေးနိုင်ဖို့အတွက် ရန်ပုံငွေတွေ ချက်ချင်းရရှိဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံတဝန်း အထောက်အပံ့ပေးနိုင်ဖို့အတွက် WFP အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အရေးတကြီး လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံတဝန်း လူဦးရေ ၁၅ ဒသမ ၂ သန်းလောက်ဟာ တနေ့တာ စားနပ်ရိက္ခာ လိုအပ်ချက် မပြည့်မီနိုင်တဲ့အရေးနဲ့ ကြုံနေကြရပြီး အဲဒီထဲမှာ လူဦးရေ ၂ ဒသမ ၃ သန်းလောက်ဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013