
မလေးရှားရေပိုင်နက်ထဲ စက်လှေတစီးနဲ့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ငါးဖမ်းလုပ်သား ၅ ယောက်ကို မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (MMEA) က ဖမ်းဆီး လိုက်တဲ့အကြောင်း မလေးရှားနိုင်ငံထုတ် BERNAMA သတင်းမှာ မတ် ၁၃ ရက်က ဖော်ပြပါတယ်။
ဒီဖမ်းဆီးမှုဟာ ကလန်းဆိပ်ကမ်းအနီး ရေမိုင် ၁၃ မိုင်ခွဲအကွာမှာ ဖမ်းမိခဲ့တာဖြစ်ပြီး မြန်မာရေလုပ်သားတွေဟာ အသက် ၂၅ နှစ်ကနေ ၄၀ ကြားအရွယ်တွေဖြစ်တယ်လို့ MMEA ဒါရိုက်တာ မိုဟာမက်ဒ် ဆာလက်က ပြောပါတယ်။
သူတို့အားလုံးမှာ လှေပေါ်မှာ အလုပ်လုပ်ဖို့ တရားဝင်အထောက်အထား၊ စာရွက်စာတမ်းတွေ၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်နဲ့ တရားဝင် ထုတ်ပေးထားတဲ့ စာတစုံတရာ သက် သေမပြနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ အမည်တွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။
လက်ရှိမှာတော့ သူတို့ကို လှေပေါ်မှာ ဖမ်းမိထားတဲ့ ရေထွက်ကုန်ခန့်မှန်းချေ ၁၅၀ ကီလို ဂရမ်နဲ့အတူ ဆက်လက်အရေးယူဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။