ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ MNDAA ကိုးကန့်တပ်ဖွဲ့တွေ မဆုတ်ခွာဖို့နဲ့ ပြည်တွင်းရေးကို ခြယ်လှယ်နေတဲ့ တရုတ်နိုင်ငံကို ဆန့်ကျင်တယ်ဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုကို လားရှိုးမြို့ခံတွေက ပြုလုပ်ခဲ့ပါတယ်။
မတ် ၂၀ ရက် ညပိုင်းက လားရှိုးမြို့ အဝင်မုခ်ဦး၊ လွတ်လပ်ရေးပန်းခြံနဲ့ မြို့ရဲ့ လူစည်ကားရာနေရာ ၁၀ ခုကျော်မှာ စစ်ခေါင်းဆောင်ကိုဆန့်ကျင်တဲ့ စာသား၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့ စာသားတွေ ပါဝင်တဲ့ စာရွက်တွေကို ကပ်ပြီး ဆန္ဒပြလှုပ်ရှားခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
၁၂ ရပ်ကွက်က မြို့ခံတဦးက “မနက်ဖြန် လားရှိုးကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်တွေ့ဖို့ရှိသေးတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒါကိုလုပ်တာလို့တော့ ထင်တယ်။ အခုဖြစ်နေတာက မြို့ခံတွေအားလုံးလိုလို စစ်ကောင်စီ ပြန်အုပ်ချုပ်မှာကို မလိုလားကြဘူး။ ဆန္ဒပြလှုပ်ရှားမှုက တမြို့လုံးလုပ်တာ မဟုတ်ပေမဲ့ အကုန်လုံးက ဒီအတိုင်းပဲ ခံယူထားတာ” လို့ ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် အပစ်ရပ်ထားတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အကြား မတ် ၂၂ ရက်မှာ ထပ်မံတွေ့ဆုံဖို့ရှိနေချိန် လားရှိုးကနေ MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာမသွားဖို့ မြို့ခံတချို့က တောင်းဆိုတဲ့ လှုပ်ရှားမှုအပေါ် သိရှိပြီးနောက် စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်တာတွေ ရှိတယ်လို့ လားရှိုးမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ထံက သိရပါတယ်။
“ပြည်သူ့ဆန္ဒကို ကျနော်တို့က နားထောင်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာပါ။ တွေ့ဆုံဦးမယ်ဆိုတဲ့ အခြေအနေ အသေးစိတ်တော့ မသိဘူး။ ဒါပေမဲ့ လူကြီးတွေက အကောင်းဆုံး လုပ်ဆောင်ပေးသွားပါလိမ့်မယ်။”
ဒီလို ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်သွားသူတွေကို ဖော်ထုတ်နိုင်ဖို့ MNDAA ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပေမဲ့ ပြည်သူ့ဆန္ဒကိုတော့ လျစ်လျူရှုမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
လားရှိုးမြို့မှာ MNDAA တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားတာတွေ တွေ့ပြီဆိုပါက လားရှိုးကနေ MNDAA တပ်ဖွဲ့တွေ ဆုတ်ခွာနေပြီဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေတာပါ။
ဒါပေမဲ့ လားရှိုးမြို့မှာတော့ လာမယ့် သင်္ကြန်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပြီး လက်ရှိမှာတော့ မြို့အတွက် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လည်ပတ်နေတယ်လို့ သိရပါတယ်။