Home
မြန်မာသတင်း
မုံးစီး ပိန်းခမ်းရွာ၌ ပစ်ခတ်ခံရသူများအတွက် တောင်းဆိုချက်အချို့ ကို MNDAA လိုက်လျော
DVB
·
March 13, 2025

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီး ပိန်းခမ်းရွာအနီး နမ့်လင်းချောင်းမှာ ရွှေတူး တာကို တားမြစ်ရာကနေ ပစ်ခတ်ခံရလို့  ထိခိုက်နစ်နာသွားတဲ့ လယ်ပိုင်ရှင်တွေနဲ့ ပတ်သက်ပြီး MNDAA ဘက်က ဒေသခံတွေရဲ့ တောင်းဆိုချက် တချို့ကိုလိုက်လျော သဘောတူလိုက်ပါတယ်။

သေဆုံးသွားတဲ့ လယ်ပိုင်ရှင်နဲ့ နီးစပ်သူတယောက်က  "ထိခိုက် ဒဏ်ရာရတဲ့ သူတွေကိုတော့ ဆေးကုသပြီးရင် ဆေးကုသ စရိတ်ရော သူတို့ တာဝန်ယူတယ်။ ဆေးကုသလို့ ပျောက်ကင်းတဲ့ အချိန်ကျရင် တယောက်ကို တရုတ်ငွေ ယွမ် ၂ သိန်း ပေးဖို့ တောင်းဆိုထားတယ်" လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ သူတွေကိုတော့ သူတို့ရဲ့ ဈာပနအတွက် ကုန်ကျစရိတ်တွေ၊ အုတ်ဂူတွေ အကုန်လုံး MNDAA တွေ လုပ်ပေးတယ်လို့ သူက ပြောပါတယ်။ ပစ်သတ်ခံရသူ တယောက်ကို တရုတ်ငွေ ယွမ် ၆ သိန်းစီ ပေးဖို့ တောင်းဆိုထားပြီး အဲလို ပေးဖို့ ဆုံးဖြတ်ထားပြီလို့ သိရတယ် လို့သူက ပြောပါတယ်။

"ဘယ်အဖွဲ့ အစည်းကိုမှ ရွှေတူးခွင့် မပြုဘူးလို့ သဘောတူထားပြီ" လို့ သူက ထပ်ပြောပြပါတယ်။

သေဆုံးသူတွေရော ဒဏ်ရာရသူတွေရော အားလုံး မုံးစီးမှာ လယ်ရှိတဲ့သူတွေ၊ လယ်လုပ်စားတဲ့ သူတွေ ဖြစ်ပြီး ရှမ်းတွေရော အကုန်လုံး သွားကန့်ကွက်ကြတာ ဖြစ်ပြီး စကားပြောကာ နောက်ကျ ကျန်နေခဲ့ တဲ့ သူတွေ ပစ်သတ်ခံရတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒေသခံ အမျိုးသားတယောက်က "ထိခိုက်ဒဏ်ရာရတဲ့သူတွေရဲ့ ဆေးကုသစရိတ် MNDAA ဘက်က ကျခံပေးဖို့၊ သေဆုံးသွားတဲ့ သူတွေအတွက် တရုတ်ငွေ ၆ သိန်းစီ တောင်းထားတယ်လို့ သိရပေမဲ့ ပေးတာ မပေးတာ မသိရဘူး" လို့ ပြောပါတယ်။

အဲဒီ နမ့်လင်းချောင်းမှာ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး KIA တပ်ဖွဲ့ကိုရော MNDAA တပ်ဖွဲ့တွေကိုပါ ၂၀၂၄ ခုနှစ်ကတည်းက ဒေသခံတွေ အကြိမ်ကြိမ် ကန့်ကွက် တားမြစ်ခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေက အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမျှတအောင်ဆောင်ရွက်ပေးဖို့၊ ဒေသခံ လယ်ပိုင်ရှင်တွေကို ပစ်သတ်ခဲ့တဲ့ တရားခံ MNDAA စစ်သားတွေကို ဖော်ထုတ် တရားစီရင်ပေးဖို့၊ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို တာဝန်ယူပေးဖို့၊ MNDAA တပ်ဖွဲ့ အနေနဲ့ ဒေသခံ တားမြစ်ထားတဲ့ ပြိန်းခမ်းရွာမှာ ဆက်လက်ပြီး ရွှေလုံးဝ မတူးဖို့၊ ရွာထဲ MNDAA တပ်ဖွဲ့ သိမ်းယူထားတဲ့ အထက်တန်းကျောင်းကို ရွာခံတွေဆီ ပြန်ပေးဖို့၊ MNDAA တပ်ဖွဲ့ရဲ့ အုပ်ချုပ်မှု ပုံစံမလိုလားကြောင်းတွေပါ တင်ပြ တောင်းဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတောင်းဆိုမှုတွေထဲက MNDAA ဘက်က ရွှေဆက်မတူးဖို့ သဘောတူညီခဲ့ပြီး သေဆုံးသွားတဲ့ သူတွေရဲ့ ဈာပနစရိတ်နဲ့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေရဲ့ ဆေးကုသစရိတ်တွေကို တာဝန်ယူ ပေးထားပေမဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံနဲ့ MNDAA တို့အကြား နောက်ထပ် တွေ့ဆုံမှုတွေ လိုအပ်မှာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံးစီး နမ့်လင်းချောင်းမှာ မတ် ၅ ရက်က MNDAA တပ်ဖွဲ့တွေ ပစ်သတ်လို့ သေဆုံးသွားတဲ့ သူတွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ သူတွေရဲ့ မိသားစုတွေအတွက် MNDAA တပ်ဖွဲ့ဆီ တောင်းဆို တင်ပြတာကို မတ် ၈ ရက်က ပန်ယန်းခါးရွာရှိ စာသင်ကျောင်းမှာ ပြုလုပ်ခဲ့ကြောင်း၊ MNDAA ရဲ့ မုံးကိုးခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူက နမ့်လင်းချောင်း ရွှေမှော်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Kachin National Organization (KNO) က ကြားနေဖြေရှင်းခဲ့ကြောင်း Kachin National Organization (KNO) က သတင်းထုတ်ပြန်ထားပါတယ်။

KIO/KIA မြို့နယ် တာဝန်ရှိသူတွေ၊ ဒေသခံ ရပ်မိရပ်ဖတွေ၊ ဒေသ စာပေနဲ့ ယဉ်ကျေးမှု တာဝန်ရှိသူတွေ၊ ထိခိုက်နစ်နာခဲ့တယ် ဒေသခံ ပြည်သူအားလုံး ပါဝင်တဲ့ မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးမှုမှာ ဆွေးနွေးချက်အချက် ၉ ချက်ကို သဘောတူခဲ့ကြောင်း၊ အဲဒီ ဒေသမှာရှိတဲ့ ဒေသခံ တိုင်းရင်းသားပြည်သူတွေရဲ့ ခွင့်ပြုချက်၊  သဘောတူညီချက်နဲ့ လုံခြုံမှုတွေကို မျှမျှတတ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

KNO တပ်ဖွဲ့ကတော့ မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ ပထမပိုင်း စတင်ချိန်ကစ MNDAA တပ်ဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ မုံးကိုးဒေသက အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။

မုံးစီးဒေသ ပိန်းခမ်းရွာအနီး နမ့်လင်းချောင်း ရေထွက်ဦးဘက် ရေအရင်းမြစ်ကာကွယ်ဖို့ ရွှေတူးဖော်မှုကို သွားရောက် တားဆီးတဲ့ ဒေသခံ လယ်ပိုင်ရှင်တွေကို ပြီးခဲ့တဲ့ မတ် ၅ ရက် နေ့ခင်းပိုင်းမှာ MNDAA တပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ ၆ ယောက် သေဆုံးပြီး  ၆ ယောက် ဒဏ်ရာရရှိခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013