Home
နိုင်ငံတကာ
ပနားမားတူးမြောင်းနှင့် ပတ်သက်သည့် အမေရိကန်အစီရင်ခံစာကို ပနားမားသမ္မတ ပယ်ချ
DVB
·
March 21, 2025
photo:Reuters

အမေရိကန်စစ်တပ်ဟာ ပနားမားတူးမြောင်းကို အပြည့်အဝ ဝင်ရောက်ခွင့်ရှိစေရေးအတွက် ရွေးချယ်စရာတွေကို ရှာဖွေနေကြောင်း အစီရင်ခံစာတွေကို အရေးစိုက်မနေဘူးလို့ ပနားမားသမ္မတ ဟိုဆေး ရာအူးလ်မူလီနိုက မတ် ၂၀ ရက်မှာ ပြောပါတယ်။

အဲဒီအချက်အလက်တွေမှာ သတင်းရင်းမြစ်တွေက နာမည်မပါ၊ မျိုးရိုးအမည်တွေ မပါရှိဘဲ လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာ မဟုတ်တာကြောင့် ရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုဘူး လို့လည်း ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ပနားမားရှိ အဓိက ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလမ်းကြောင်းကို ပြန်ယူချင်ကြောင်း ထပ်ခါတလဲလဲ အခိုင်အမာ ပြောဆိုနေချိန်မှာပဲ ရွေးချယ်မှုတွေကို အကဲဖြတ်ထားဖို့ ပင်တဂွန်ကို ညွှန်ကြားထားကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိ ၂ ယောက်က ပြီးခဲ့တဲ့သီတင်းပတ်က ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ‌။

တူးမြောင်းဖြတ်သန်းခ ကောက်ခံမှုမှာ မြင့်မားလွန်းပြီး တရုတ်က ထိန်းချုပ်ထားတာဖြစ်ကြောင်း ထရမ့်ပ်က အထောက်အထား တစုံတရာ မပြဘဲ ပြောကြားခဲ့ပါတယ်။

ပနားမားသမ္မတ မူလီနို ကတော့ အဲဒီစွပ်စွဲချက် ၂ ခုလုံးကို ပယ်ချခဲ့ပြီး ရေလမ်းကို တရားမျှတစွာနဲ့ ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲတယ်လို့ ပြောဆိုပါတယ်။

မကြာခင်မှာ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့ အကြီးအကဲနဲ့ တွေ့ဆုံဖို့ရှိပြီး ဒေသတွင်း အဓိက ဆိပ်ကမ်းစီမံကိန်းတွေနဲ့ ပစိဖိတ်ဖြတ်ကျော် ပို့ဆောင်ရေးမှာ ပနားမားရဲ့ အလားအလာရှိတဲ့ ပါဝင်ပတ်သက်မှုကို ဆွေးနွေးမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

တူးမြောင်းကို ပနားမားအစိုးရအေဂျင်စီဖြစ်တဲ့ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပေမဲ့ တူးမြောင်းရဲ့ တဖက်တချက်မှာ ဆိပ်ကမ်း ၂ ခုကို လုပ်ကိုင်ဖို့ ဟောင်ကောင်အခြေစိုက် စီကေ ဟပ်ချစ်ဆန် ကုမ္ပဏီကို လိုက်လျောပေးထားတာ ဖြစ်ပါတယ်။

အခုလအစောပိုင်းမှာ စီကေ ဟပ်ချစ်ဆန် ကုမ္ပဏီဟာ ပနားမားရှိ ပိုင်ဆိုင်မှုတွေ အပါအဝင် သူ့ရဲ့ ဒေါ်လာ ၂၂ ဒသမ ၈ ဘီလီယံ တန်ကြေးရှိ ကမ္ဘာလုံးဆိုင်ရာ ဆိပ်ကမ်းလုပ်ငန်းအများစုကို BlackRock အမေရိကန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဦးဆောင်တဲ့ အဖွဲ့ဆီကို ရောင်းချဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013