
ဆူဒန်နိုင်ငံမှာ အရန်စစ်တပ်ရဲ့ လက်အောက်မှာ ၂ နှစ်နီးပါးကြာအောင် နေပြီးတဲ့နောက် အရင်သီတင်းပတ်တွေအတွင်း စစ်တပ်က ပြန်သိမ်းခဲ့တဲ့ နိုင်ငံအစိတ်အပိုင်းတခုမှာ ဝတ်စုံပြည့် ဝတ်ထားတဲ့ လခြမ်းနီအသင်းဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေဟာ မတ် ၁၆ ရက်မှာ ရေတွင်းထဲက အလောင်းတွေကို ဆွဲထုတ်ပြီး အနက်ရောင်အိတ်တွေထဲကို ထည့်ခဲ့ကြပါတယ်။
သေဆုံးသူ ၁၅ ယောက်အနက် အများစုက ခေါင်းမှာ သေနတ်ထိမှန်ခဲ့ပေမဲ့ တချို့က အသက်ရှင်လျက် ရေတွင်းထဲ ပစ်ချခံရတယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေ ရှိနေတယ်လို့ ခါတွန်မ် ပြည်နယ် မှုခင်းဆေးပညာဒါရိုက်တာ ဟိရှမ် ဇိန်း အယ်လ် အဘ်ဒင်က ပြောပါတယ်။
ရှာ့ခ်အယ်လ်နူး ခရိုင်က မြေအောက်ခန်းတွေထဲမှာ ပြန့်ကျဲနေတဲ့ တခြားအလောင်းတွေကိုလည်း တွေ့ခဲ့ပါတယ်။ သေဆုံးသူတချို့က ကြိုးချည်ခံထားရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ဒီမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ကြောက်စရာကောင်းတဲ့ မြင်ကွင်းတွေ အများကြီးပဲ” လို့လည်း သူက ပြောပါတယ်။
၂ နှစ်နီးပါးကြာနေတဲ့ ဆူဒန်ပြည်တွင်းစစ်ထဲမှာ အစိုးရတပ်ဖွဲ့တွေဟာ အရန်စစ်တပ်ဖြစ်တဲ့ အမြန်ထောက်ပံ့ရေးတပ်က ကာလကြာရှည် ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ထိုးစစ်ဆင်လာခဲ့ကြတာပါ။
၂၀၂၃ ခုနှစ် ဧပြီလမှာ စစ်အာဏာပိုင်တွေနဲ့ အရန်တပ်တို့ ကွဲပြဲခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက RSF ထိန်းချုပ်မှုအောက်မှာရှိတဲ့ နယ်မြေတွေထဲမှာ သတ်ဖြတ်ခြင်းဆိုင်ရာ ကျယ်ပြန့်တဲ့ အထောက်အထားတွေကို ရှာနေတယ်လို့ ပြောပါတယ်။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို RSF က မတုံ့ပြန်ပါဘူး။ အရင်က ထိန်းချုပ်ထားတဲ့ ဒေသတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်မှု စွဲချက်တွေကို RSF က ငြင်းဆိုထားပြီး ကျူးလွန်သူ တယောက်ချင်းစီကို စာရင်းပြုစုရင်း တာဝန်ခံခိုင်းသွားမယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters