Home
မြန်မာသတင်း
ခရစ်ယာန်ဘုန်းကြီးအသတ်ခံရမှု အမှုမှန်မပေါ်မှာကို ဒေသခံများ စိုးရိမ်
DVB
·
March 10, 2025

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ၊ ရွှေဘိုနယ်မှာ ခရစ်ယာန်ဘုန်းတော်ကြီး အသတ်ခံရမှု စစ်ဆေးချက် မထွက်ပေါ်လာသေးတဲ့အတွက် အမှုမှန်မပေါ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ 

လုဒ်မယ်တော်သခင်မ ဘုရားကျောင်းဝင်းထဲမှာ လက်နက်ကိုင်အကြမ်းဖက်သမား ၁၀ ယောက်က ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းမှာ သတ်ဖြတ်ခဲ့ကြတာပါ။ 

အခင်းဖြစ်ပြီးနောက်မှာ ဘုန်းတော်ကြီးကို သတ်သွားသူတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုက ဖြစ်တယ်လို့ သိရပြီး ခေါင်းဆောင်အပါအဝင် ကျူးလွန်သူ ၁၀ ယောက်ကို ရွှေဘိုခရိုင် တပ်ရင်း ၅ က ဖမ်းဆီးခဲ့ပါတယ်။ 

အဲဒီကနေမှ ခရိုင်အဆင့် တိုင်းအဆင့်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အချိန်တလနီးပါးကြာလာချိန်အထိ နောက်ဆက်တွဲ စစ်ဆေးချက်သတင်းတွေ မထွက်လာတဲ့အတွက် ဒေသခံတွေက အမှုမှန်မပေါ်မှာကို စိုးရိမ်နေကြပါတယ်။

ဒေသခံတယောက်က “မြေပြင်ရဲ့ ကွဲလွဲချက်ကတော့ ဒီလိုနောက်ကြိုးကိုင်တဲ့သူကို မမိတဲ့အခါကျတော့ ခံပြင်းကြတာပေါ့ဗျာ လူတကာက။ ဒေသခံတွေရဲ့အမြင်က ဘယ်လိုပြောမလဲဆိုလို့ရှိရင် တချို့ဆိုရင် ဒီလို ဘုန်းဘုန်းတပါးတောင်မှ ပေါ့ပေါ့လျော့လျော့ လုပ်မယ်ဆိုရင် ပြည်သူတွေရော၊ PDF တွေရော တချို့လူတွေဆိုလည်း စိတ်ပျက်တာပေါ့ဗျာ မှန်မှန်ကန်ကန် သွားနေတဲ့သူတွေက။ ဒီမြေပြင်ကလူတွေကလည်း ဒီလိုဘုန်းကြီးမျိုးမှ ထွန်းထွန်းပေါက်ပေါက်မှ မလုပ်ဘူးဆိုရင် ငါတို့ပြည်သူကို ဘယ်လိုနေမလဲပေါ့။ ဘယ်လို ပြောမလဲပေါ့။ ဘယ်လိုပြောရမလဲဆိုလို့ရှိရင် လက်နက်သမားတွေဆိုတော့ ဘာမှလည်း မပြောရဲဘူး၊ ဘာမှလည်း မဆောင်ရွက်ရဲတော့ဘူးလို့။ ဒီအတိုင်းကြီးကျတော့လို့” လို့ ပြောပါတယ်။

ရွှေဘိုနယ်မှာ အသတ်ခံခဲ့ရတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ ဈာပနကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က သူ့ရဲ့ဇာတိ ပြင်ဦးလွင်မြို့ ၇ မိုင်သုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ လတ်တလောအခြေအနေနဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင်တပ်ရင်း ၅ ကို ဆက်သွယ်ပေမဲ့ တုံ့ပြန်ဖြေကြားတာမရှိသေးပါဘူး။

ရေဦးမြို့နယ်အခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က “ဘုန်းကြီးက အသက်တော် ၄၄ နှစ်၊ ဝါတော်ကလည်း ၇ ဝါပဲ ရှိသေးတာ။ ၂၀၁၈ ခုနှစ်ထဲမှာ ပြင်ဦးလွင်မြို့မှာပဲ ရဟန်းဖြစ်သိက္ခာ ဘုန်းကြီးအဖြစ် ခံယူခဲ့တယ်။ ခံယူပြီးနောက်ပိုင်းမှာ စဉ့်ကိုင်မြို့နယ် ဇော်ဂျီရွာမှာ တာဝန်ကျတယ်၊ အဲဒီကနေမှတဆင့် လက်ရှိ ရွှေဘိုနယ် ကံကြီးတောရွာမှာ တာဝန်ထမ်းဆောင်နေတာ ၂ နှစ်ရှိပြီ။ ရပ်ရွာပြည်သူလူထုကလည်း ကြည်ညိုလေးစားအားထားရတဲ့ ဘုန်းကြီးတပါးလည်း ဖြစ်တယ်၊ သာရေး နာရေးကအစ ရပ်ရွာတိုးတက်အောင်အထိ သူ လုပ်ဆောင်ပေးတာရှိတယ်လို့ သိရတယ်။ နောက်ပြီးတော့ နိုင်ငံရေးအရှုပ်အရှင်းကလည်း ကင်းရှင်းတယ်၊ ပြောသလောက်ကြီးလည်း ကျနော်တို့ မကြားသိရဘူးပေါ့နော်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ဖာသာဒေါ်နယ်မာတင် သတ်ဖြတ်ခံရတဲ့အတွက် ဝမ်းနည်းကြောင်း တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်သူတွေကို အရေးယူကာ တရားမျှတမှုအတွက် လုပ်ဆောင်ပေးဖို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေကလည်း ဒီအမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013