ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မတ် ၁၇ ရက် မနက် ၁၁ နာရီကျော်လောက်က စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ တောင်ကုတ်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူကတော့ ကံပိုင်ရပ်ကွက်က အသက် ၃၄ နှစ်အရွယ် ဒေါ်တင်တင်ဦး ဖြစ်ပြီး နေအိမ်အတွင်းမှာ သန့်ရှင်းရေးလုပ်တဲ့အချိန် မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့် ဘယ်ဘက်ပါးမှာ အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
တောင်ကုတ်မြို့မှာ မတ် ၁၁ ရက် နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း နင်းမိပြီး ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။