Home
မြန်မာသတင်း
ရိုဟင်ဂျာ အရေးဖြေရှင်းရန် AA နှင့် ဆွေးနွေးရမည်ဟု ကုလအကြီးအကဲ ပြော
DVB
·
March 18, 2025
photo:AEN

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်နေတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအပါအဝင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအတွက် အာရက္ခတပ်တော် (AA) နဲ့ ဆွေးနွေးရလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မတ် ၁၅ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အာရက္ခတပ်တော်ဟာ သီးခြားဆန်တဲ့ အဖွဲ့အစည်းတခုဖြစ်တာကြောင့် ရိုဟင်ဂျာအရေး ဖြေရှင်းနိုင်ဖို့ဆိုရင် AA နဲ့ စကားပြောရလိမ့်မယ်လို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒါကာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

‘‘ပထမဆုံးအနေနဲ့ပြောရရင် အာရက္ခတပ်တော် (AA) ဟာ သီးခြား အဖွဲ့အစည်းတခုဖြစ်တာကြောင့် သူနဲ့လည်း စကားပြောဖို့လိုအပ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ အတိတ်မှာ ရခိုင်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းကြားက ဆက်ဆံရေးတွေဟာလည်း မချောမွေ့ခဲ့ဘူးဆိုတာကို ကျနော်တို့လည်း သိခဲ့ကြတာပဲလေ။ ဒါကြောင့်မို့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို အပြည့်အဝ လေးစားဖို့ဆိုရင် AA နဲ့ ထိတွေ့ပြောဆိုမှုလုပ်ဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။’’

ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ဖို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးသင့်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်စပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ်တွေကို ၂၀၂၄ ခုနှစ်အတွင်းမှာ အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရှိန်တိုးမြင့်လုပ်ကိုင်ဖို့ လိုအပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတဆင့် ကူညီခွင့်ရရှိဖို့ကိုလည်း မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ရေးမှာ မြန်မာနိုင်ငံအစိုးရနဲ့ ဒေသအာဏာပိုင်တွေအပေါ်မှာ အများကြီး သက်ဆိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး မစ္စတာတိုဟစ်ဟူစိန်က ပြောကြားခဲ့ပါတယ်။

“မြန်မာအာဏာပိုင်တွေကို ဖိအားပေးဖို့ ကြိုးပမ်းရမယ့်အချိန်ရောက်ပါပြီ။ နယ်စပ်က အမှန်တရားသစ်တွေကြောင့် အာဏာပိုင်တွေချည်းပဲ ပြောနေတာမဟုတ်ပါဘူး။ ဒေသအာဏာပိုင်တွေ အပါအဝင် သူတို့အားလုံးကို စည်းရုံးသိမ်းသွင်းရမယ်။ သင့်လျော်တဲ့ ဖိအားပေးရမယ်။ ဒါမှ ရိုဟင်ဂျာတွေ သူတို့နေရာမှန်ကို ပြန်သွားနိုင်မှာပါ။”

၂၀၁၇ ခု စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးနဲ့ လက်ရှိ ရခိုင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းခန့် ရှိတယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂအကြီးအကဲဟာ ဘင်္ဂလားဒေ့ရှ်ခရီးစဥ်ကို မတ် ၁၃ ရက်ကနေ မတ် ၁၆ ရက် အထိ ၄ ရက်တာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Source: : The Daily Star

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013