Home
မြန်မာသတင်း
ဝက်လက်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး
DVB
·
March 17, 2025
Photo : ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာနဲ့ မတ္တရာမြို့နယ်၊ မြွေမြေစွန်းရွာအနီးကို မတ် ၁၆ ရက် ည ၁၀ နာရီမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်းမှာရှိတဲ့ ကျေးရွာ ၂ ရွာကို စစ်တပ်က လေ‌‌ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

စဉ့်ကိုင်မြောက်ရွာနေ ပြည်သူတယောက်က “ကျနော်တို့ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းက စဉ့်ကိုင်မြောက်ရွာကို စစ်ကောင်စီတပ်က မနေ့က ညပိုင်း ၁၀ နာရီကျော်မှာ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်သွားတယ်ဗျ။ ချသွားတဲ့နေရာက ရွာရဲ့တောင်ဘက်အစွန်ကို ဗုံးသီး ၂ လုံး ကြဲချခဲ့တယ်ဗျ။ အဲလိုကြဲချလို့ အသက် ၆၀ ကျော် အဘွားအိုတဦး၊ အသက် ၈၀ ကျော် အဘိုးအိုတဦး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦးနဲ့ ၆ လသားအရွယ် ကလေးငယ်တဦး စုစုပေါင်း ပြည်သူ ၄ ဦး သေဆုံးခဲ့တယ်ဗျ။ အခြား ပြည်သူ ၇ ဦးကျော်လည်း ဒဏ်ရာရရှိခဲ့တယ်ဗျ။ လူနေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်” လို့ ပြောပါတယ်။

လေယာဉ်နဲ့တိုက်ခိုက်တဲ့ နေရာနဲ့ ၁၀ မိုင်ကျော်ကျော်မှာရှိတဲ့ စစ်ကိုင်းမြို့နယ်အတွင်း တနေရာမှာတော့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မတ် ၁၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိ ဗုံးချတိုက်ခိုက်သွားတဲ့ နေရာမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိခဲဘူးလို့လည်း သိရပါတယ်။

မတ္တရာမြို့နယ် ဒေသခံ ကိုတိုးကြီးက “ကျနော်တို့ မတ္တရာနယ် မြွေမြေစွန်းကတော့ စဉ့်ကိုင်ရွာရဲ့ တဖက်ကမ်း မြစ်အရှေ့ဘက်မှာ တည်ရှိတာပါဗျ။ ဗုံးသီးချတဲ့အချိန်ကတော့ မနေ့ညပိုင်း ၁၀ နာရီနဲ့ ၁၀ မိနစ်မှာ ဗုံးသီး ၂ လုံး ချသွားတာ။ ချတဲ့နေရာက ကျနော်တို့ မြေစွန်းရွာနဲ့ မြွေဥဒိန်ရွာကြားက လယ်ကွင်းထဲကို ချသွားတာဗျ။ လူထိခိုက်မှုကတော့ ဘာမှမသိရသေးဘူး။ အဲဘက်ခြမ်းက ဖုန်းလိုင်းတွေရော ပျက်နေတာရော၊ ပြည်သူတွေကလည်း ညတွင်းချင်း ရွာထဲကနေ ထွက်ပြေးကြတာရော ဆိုတော့ ထိခိုက်သတင်းက ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဝက်လက်၊ မတ္တရာ စတဲ့မြို့နယ်တွေနဲ့ ကပ်လျက်ရှိတဲ့ စဉ်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို မတ် ၁၄ ရက်က အခုလို ဗုံးကြဲတိုက်ခိုက်လို့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013