Home
နိုင်ငံတကာ
တရားရုံးအမိန့်ကို ဖီဆန်ပြီး ထရမ့်ပ်က ဗင်နီဇွဲလား နိုင်ငံသား ၂၀၀ ခန့်ကို နှင်ထုတ်
DVB
·
March 17, 2025
Photo: Reuters

တရားရုံး တားမြစ်မိန့်ကို ဖီဆန်ပြီးတော့ လူဆိုးဂိုဏ်းတခုနဲ့ ပတ်သက်တယ်ဆိုတဲ့ ဗင်နီဇွဲလား နိုင်ငံသား ၂၀၀ ကို ထရမ့်ပ်အစိုးရက နိုင်ငံတွင်းကနေ နှင်ထုတ်လိုက်ပါတယ်။

ဒါ့အပြင် တရားသူကြီးတယောက်မှာ ဒီလို တားပိုင်ခွင့်အာဏာ မရှိဘူးလို့လည်း အိမ်ဖြူတော်က ကြေညာချက် ထုတ်ခဲ့ပါတယ်။

ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ကြေးစားလူသတ်မှုတွေနဲ့ ချိတ်ဆက်မှုရှိနေတဲ့ Tren de Aragua ဂိုဏ်းရဲ့ ဂိုဏ်းဝင်လို့ စွပ်စွဲခံထားရသူ ၂၀၀ ကျော်ကို ထရမ့်ပ်က နှစ်ပေါင်း ၂၀၀ ကျော်ရှိပြီဖြစ်တဲ့ နိုင်ငံခြားရန်သူများအက်ဥပဒေကို သုံးပြီးတော့ နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလူတွေကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံက အကျဉ်းထောင်ကြီးကို ပို့ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။

တရားသူကြီး ဂျိမ်းစ်ဘို့စ်ဘာ့ဂျ်က ထရမ့်ပ်အနေနဲ့ ဒီဥပဒေရဲ့ စစ်ကာလအတွင်းမှာပဲ ကျင့်သုံးရတဲ့ အခွင့်အာဏာကို အသုံးမပြုဖို့ ၁၄ ရက်ကြာ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

၁၇၉၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေမှာ ရန်လိုတဲ့ ဆောင်ရွက်ချက်တွေ ဆိုတာဟာ တခြားနိုင်ငံတနိုင်ငံက စစ်ပွဲဆင်နွှဲတာနဲ့ အလားသဏ္ဌာန်တူတဲ့ ကိစ္စမျိုးကိုသာ ရည်ညွန်းတာ ဖြစ်တဲ့အတွက် ဒီကိစ္စမှာ သုံးလို့မရဘူးလို့ တရားသူကြီးက ကောက်ချက်ချပါတယ်။

ဒါပေမဲ့ “မြို့တမြို့က တရားသူကြီးတဦးဟာ အမေရိကန်မြေပေါ်က နှင်ထုတ်လိုက်တဲ့ နိုင်ငံခြားသား အကြမ်းဖက်သမားတွေ အပြည့်ပါနေတဲ့ လေယာဉ်ပျံတစင်းရဲ့ ရွေ့လျားမှုကို ညွှန်ကြားလို့ မရနိုင်ဘူး” လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလင်း လီဗစ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီတရားရုံးမှာ “ဥပဒေအကြောင်းရင်းခံမရှိတဲ့အပြင်” သမ္မတ တယောက်က နိုင်ငံခြားရေးကိစ္စတွေ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ပြည်ထောင်စုတရားရုံးတွေမှာ ယေဘုယျအားဖြင့် စီရင်ပိုင်ခွင့် မရှိဘူးလို့လည်း အိမ်ဖြူတော်က တုံ့ပြန်ပါတယ်။

အခုလုပ်ရပ်မှာ ပြည်နှင်ဒဏ်ခံရသူတွေ အပြစ် ရှိ၊ မရှိ ဆိုတာထက် အမေရိကန် အခြေခံဥပဒေရဲ့ အပြန်အလှန်ထိန်းကျောင်းမှုစနစ်နဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ လွတ်လပ်မှုကို စိန်ခေါ်လိုက်တာပဲလို့ လေ့လာလာသူတွေက သုံးသပ်ပါတယ်။

ရွှေ့ပြောင်းတွေကို ဒီဥပဒေအရ သယ်သွားတဲ့ ဘယ်လေယာဉ်မဆို အမေရိကန်ကို ပြန်လှည့်ဖို့ပါ တရားသူကြီးက အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဆာဗေးဒိုးသမ္မတ နာယစ်ဘာကီလီ ကတော့ လူမှုကွန်ရက် X မှာ အဲဒီသတင်းကို ပြန်မျှဝေခဲ့ပြီးတော့ “နောက်ကျသွားပြီ” လို့ မျက်ရည်ထွက်အောင်ရယ်နေတဲ့ပုံ emoji ပါ သုံးပြီး တုံ့ပြန်ခဲ့ပါတယ်။

အဲဒီပို့စ်ကိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြန်မျှဝေခဲ့ပြီး “ကူညီမှုနဲ့ မိတ်ဖက်ဖြစ်မှုအတွက် ကျေးဇူးတင်တယ်” လို့ ပြန်ရေးခဲ့ပါတယ်။

ဗင်နီဇွဲလား လူဆိုးဂိုဏ်းဝင်လို့ စွပ်စွဲခံရသူ ၂၃၈ ယောက်ကို လူ ၄၀,၀၀၀ အထိ အကျဉ်းချနိုင်တဲ့  ဧရာမထောင်ကြီးထဲမှာ လက်ခံထားပြီဖြစ်တယ်လို့ ဘာကီလီက အတည်ပြုပါတယ်။ တနှစ်စာချုပ်နဲ့ ထားရှိတာဖြစ်ပြီး သက်တမ်းတိုးနိုင်တယ်လို့လည်း သိရပါတယ်။

တရားသူကြီးက အမိန့်ထုတ်လိုက်ချိန်မှာ နှင်ထုတ်လိုက်တဲ့သူတွေဟာ အမေရိကန်ပိုင်နက်ထဲကနေ ဖယ်ရှားပြီးဖြစ်လို့ သက်ရောက်မှုမရှိတော့ဘူးဆိုတဲ့ အမြင်ကို ပြန်ကြားရေးအတွင်းဝန်ကလည်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ဥပဒေပညာရှင်တွေကတော့ ဒီအမြင်ဟာ မှားယွင်းတယ်လို့ ထောက်ပြထားပါတယ်။

ပြည်ထောင်စုတရားရုံးတွေရဲ့ စီရင်ပိုင်ခွင့်ဟာ ရေပိုင်နက်အစွန်းမှာ မရပ်တန့်ဘူးလို့ ဂျော့ချ်တောင်း တက္ကသိုလ် ဥပဒေပါမောက္ခ စတိဗ် ဗလာဒက်က သုံးသပ်ပါတယ်။

တရားခံတွေဟာ တရားရုံးအမိန့်နဲ့ ဆိုင်၊ မဆိုင် ဆိုတာကိုသာ မေးခွန်းထုတ်ရမှာဖြစ်ပြီး ကန့်ကွက်ခံရတဲ့ လုပ်ဆောင်ချက် ဘယ်နေရာမှာဖြစ်ပွားတယ် ဆိုတာနဲ့ မဆိုင်ဘူးလို့ ထောက်ပြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013