Home
နိုင်ငံတကာ
၈၃ နှစ်ကြာ ပျံ့လွင့်ခဲ့သော အမေရိကအသံ ထရမ့်ပ် အမိန့်ကြောင့် တိတ်ဆိတ်
DVB
·
March 16, 2025
Photo: REUTERS/Sarah Silbiger

မြန်မာ အပါအဝင် အာဏာရှင်နိုင်ငံတွေဆီ နှစ်ပေါင်းများစွာ သတင်းထုတ်လွှင့်နေတဲ့ အမေရိကအသံ (VOA) အပါအဝင်  အမေရိကန်သတင်းဌာန ၂ ခုရဲ့ ရန်ပုံငွေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမိန့်နဲ့   မတ် ၁၅ ရက်နေ့မှာ  ရပ်ဆိုင်းလိုက်ပါတယ်။ 

ဒါက အစိုးရရန်ပုံငွေနဲ့ သတင်းထုတ်လွှင့်နေတဲ့ VOA ရဲ့ မိခင်အဖွဲ့အစည်း USAGM နဲ့ တခြားအဖွဲ့အစည်း ၇ နစ်ခုကို လုပ်ငန်းလည်ပတ်မှု အနည်းဆုံးအထိလျှော့ချဖို့  သမ္မတ ဒေါ်နယ်ထရမ့်ပ်က  အမိန့်ထုတ်ပြီး တရက်အကြာမှာ ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။

VOA ရဲ့ ဒါရိုက်တာ မိုက်ကယ်အဘရာမိုဝစ်က သူ့ရဲ့ ဂျာနယ်လစ်၊ ထုတ်လုပ်သူနဲ့ လက်ထောက်ဝန်ထမ်း ၁၃၀၀ နီးပါးကို  ခွင့်ခံစားခွင့်ပေးလိုက်တဲ့အကြောင်းနဲ့   ဘာသာစကား ၅၀ နီးပါးနဲ့ ထုတ်လွှင့်မှုတွေ ထိခိုက်သွားပြီလို့  အတည်ပြုပါတယ်။

“နှစ်ပေါင်း ၈၃ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကရဲ့အသံ တိတ်ဆိတ်သွားခဲ့ရတာ အရမ်းကို ဝမ်းနည်းစရာပါ။  VOA ဟာ ကမ္ဘာအနှံ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်”လို့ အဘရာမိုဝစ်က LinkedIn မှာ ရေးသားခဲ့ပါတယ်။

VOA ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မီဒီယာအေဂျင်စီ (USAGM) က အရှေ့ဥရောပ၊ ရုရှားနဲ့ ယူကရိန်းလို နိုင်ငံတွေဆီ သတင်းထုတ်လွှင့်တဲ့ Radio Free Europe/ Radio Liberty နဲ့ မြန်မာ၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဆီ ထုတ်လွှင့်တဲ့ Radio Free Asia တို့ရဲ့ ထောက်ပံ့ကြေးတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

၁၉၄၂ ခုနှစ်မှာ နာဇီဝါဒဖြန့်ချိရေးကို တွန်းလှန်ဖို့ တည်ထောင်ခဲ့တဲ့ VOA ဟာ အခုဆိုရင် တပတ်ကို လူ သန်း ၃၆၀ အထိ ရောက်ရှိတယ်လို့ဆိုပါတယ်။

အုပ်စုတခုလုံးဆိုရင်၊  USAGM ဟာ ၂၀၂၄ မှာ ဝန်ထမ်း ၃၅၀၀ လောက်ရှိပြီး ဘတ်ဂျက် ဒေါ်လာ ၈၈၆ သန်းနဲ့ လုပ်ငန်းလုပ်ကိုင်နေကြောင်း ကွန်ဂရက်ကို တင်ပြခဲ့တဲ့ မကြာသေးခင်က အစီရင်ခံစာအရ သိရပါတယ်။

VOAရဲ့ ဆိုးလ်ရုံးခွဲ အကြီးအကဲ ဝီလျံဂေးလိုက တနင်္ဂနွေနေ့မှာ ကုမ္ပဏီစနစ်နဲ့ အကောင့်အားလုံးကို သူ့ကို ဝင်ခွင့်မပေးတော့ဘူးလို့ ပြောပါတယ်။ 

“ဘယ်အစိုးရအကြောင်းပဲ တင်ဆက်သည်ဖြစ်စေ အမှန်တရားကိုပဲ  ပြောဖို့ကိုပဲ ကျနော်တို့ အမြဲလိုလားခဲ့တာပါ။ ဒါက တယောက်ယောက်အတွက် ခြိမ်းခြောက်မှု ဖြစ်လာရင်လည်း ရှိပါစေတော့”လို့ Bluesky လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

VOA ရဲ့ ဒါရိုက်တာအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ကာရီလိတ်ခ်က USAGM ဟာ “အမေရိကန် အခွန်ဆောင်သူတွေအပေါ် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုး” ဖြစ်ပြီး “ပြန်လည်ကယ်တင်လို့ မရတော့ဘူး”လို့ ပြောပါတယ်။

USAGM ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်လို့ ကိုယ့်ကိုယ်ကိုယ်ရ ည်ညွှန်းထားတဲ့ လိတ်ခ်က ဥပဒေအရ ဒီအေဂျင်စီကို ဥပဒေရ ဖြစ်နိုင်သမျှ အနိမ့်ဆုံးအရွယ်အစားထိ လျှော့ချမယ်လို့ ပြောထားပါတယ်။

ချက်နိုင်ငံခြားရေးဝန်ကြီး ယန်းလီပါဗ်စ်ကီက Radio Free Europe ဟာ အာဏာရှင် အုပ်ချုပ်မှုအောက်က လူထုအတွက် “မီးရှူးတန်ဆောင်”တခုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ 

“ဘယ်လာရုစ်ကနေ အီရန်အထိ၊ ရုရှားကနေ အာဖဂန်နစ္စတန်အထိ RFE နဲ့ VOA တို့ဟာ လွတ်လပ်မှုမရှိဘဲ နေထိုင်ရတဲ့ လူတွေအတွက် လွတ်လပ်တဲ့ အရင်းအမြစ်အနည်းငယ်ထဲက တခုဖြစ်ပါတယ်” လို့ X မှာ ရေးသားခဲ့ပါတယ်။ 

ထရမ့်ပ်က USAGM နဲ့အတူ တခြားလူသိမများတဲ့ အေဂျင်စီ ၆ ခုကို  ဥပဒေက ခွင့်ပြုတဲ့အတိုင်းအတာအထိ လုပ်ငန်းလည်ပတ်မှု အနည်းဆုံးရောက်အောင် လျှော့ချဖို့ ညွှန်ကြားတဲ့ အမိန့်ကို သောကြာနေ့က လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ 

ထရမ့်ပ်က  ဗျူရိုကရေစီကို ကျုံ့သွားစေဖို့ ဒါကို လိုအပ်တယ်လို့ ဆိုပါတယ်။ ဝါရှင်တန်က  National Press Club ဥက္ကဋ္ဌ မိုက်ခ်ဘယ်လ်ဆာမိုက VOA ကို ဖြတ်တောက်မှုဟာ လွတ်လပ်ပြီး လွတ်လပ်တဲ့ စာနယ်ဇင်းအပေါ် အမေရိကန်ရဲ့ ကတိကဝတ်ကို ထိခိုက်စေတယ်လို့ ပြောပါတယ်။ 

ဘယ်လ်ဆာမိုက “VOA ဟာ ဆယ်စုနှစ်ပေါင်းများစွာ အချက်အလက်ပေါ် အခြေခံတဲ့၊ လွတ်လပ်တဲ့ သတင်းစာပညာကို တကမ္ဘာလုံးက ပရိသတ်တွေဆီကို  ပေးပို့ခဲ့ပါတယ်။  စာနယ်ဇင်းလွတ်လပ်ခွင့် မရှိတဲ့နေရာတွေကိုပါ ပေးပို့နိုင်ခဲ့တာပါ”လို့ ပြောပါတယ်။

ပါရီအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး “ကမ္ဘာတဝန်းလုံးမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေပြီး သတင်းအချက်အလက်  လွတ်လပ်စွာစီးဆင်းရေးကို ထောက်ခံခဲ့တဲ့  အမေရိကန်ရဲ့  နှစ် ၈၀ သမိုင်းကို အချည်းနှီးဖြစ်စေခဲ့ပြီ” လို့ ဝေဖန်ပါတယ်။

ရေဒီယိုဖရီးအေးရှား (RFA) ရဲ့ ဥက္ကဋ္ဌ ဘေဖန်းက သူတို့ရဲ့ ရန်ပုံငွေကို ပယ်ဖျက်လိုက်တာဟာ “သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုအပေါ် စိစစ်စောင့်ကြည့်မခံရတာကို သဘောကျတဲ့ တရုတ်ကွန်မြူနစ်ပါတီ အပါအဝင် အာဏာရှင်တွေနဲ့ ခေါင်းဆောင်းဆိုးတွေကို ဆုချီးမြှင့်တာ ဖြစ်တယ်”လို့ ပြောပါတယ်။

ရီပတ်ဘလစ်ကန်တချို့က VOA နဲ့ တခြား အများပြည်သူရန်ပုံငွေနဲ့ ထုတ်လွှင့်တဲ့မီဒီယာတွေဟာ ကွန်ဆာဗေးတစ်တွေအပေါ်  မလိုမုန်းထား ဘက်လိုက်တယ်လို့ စွပ်စွဲကြပါတယ်။ 

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်နဲ့ သူ့ရဲ့ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) က အစိုးရအရွယ်အစား လျှော့ချရေး ကြိုးပမ်းမှုအနေနဲ့ VOA နဲ့ RFE အပါအဝင် အမေရိကန် အစိုးရမီဒီယာတွေကို ဖျက်သိမ်းဖို့ အစောပိုင်းကတည်းက ပြောနေခဲ့တာဖြစ်ပါတယ်။

အခုအချိန်အထိ မက်စ်ရဲ့ DOGE ဟာ ၂ ဒသမ ၃ သန်းရှိတဲ့ ဖယ်ဒရယ်အစိုးရ အရပ်ဘက်ဝန်ထမ်း တွေထဲက အလုပ် ၁၀၀,၀၀၀ ကျော်ကို ဖြတ်တောက်ခဲ့ပြီး၊ နိုင်ငံခြားအကူအညီတွေကိုလည်း ဆိုင်းငံ့ခဲ့တဲ့အပြင် ပရိုဂရမ်တွေ၊ စာချုပ်တွေ အမြောက်အမြားကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

စနေနေ့မှာ အီလွန်မတ်စ်က  ကမ္ဘာလုံးဆိုင်ရာ အစိုးရဝါဒဖြန့်အေဂျင်စီကို ရပ်ဆိုင်းနေချိန်မှာ ယာယီအနေနဲ့ သူ့ဌာန  DOGE ကို Propaganda Everywhere Department (DOPE) လို့ အမည်ပြောင်းလိုက်ပါပြီ”လို့ X မှာ နောက်ပြောင်ရေးသားခဲ့ပါတယ်။

USAGM အပြင် ထရမ့်မ့်ရဲ့ အမိန့်ဟာ ဖယ်ဒရယ်ကြားဝင်ဖျန်ဖြေရေးနဲ့ သင့်မြတ်ရေးဝန်ဆောင်မှု၊ ဝုဒ်ရိုးဝီလ်ဆင် နိုင်ငံတကာပညာရှင်များဗဟိုဌာန၊ ပြတိုက်နဲ့ စာကြည့်တိုက်ဝန်ဆောင်မှုများ အင်စတီကျု၊ အိမ်ရာမဲ့ပြဿနာဆိုင်ရာ အမေရိကန်အေဂျင်စီကြားခံကောင်စီ၊ ရပ်ရွာဖွံ့ဖြိုးရေးဘ ဘဏ္ဍာရေး အဖွဲ့အစည်းများရန်ပုံငွေနဲ့ လူနည်းစုလုပ်ငန်းဖွံ့ဖြိုးရေးအေဂျင်စီတို့ကိုလည်း ပစ်မှတ်ထားပြီး  “ဥပဒေအရ သတ်မှတ်ထားတဲ့  အနည်းဆုံးလူဦးရေနဲ့ လုပ်ငန်းဆောင်တာ”အထိ သာထားရှိမယ့်  ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အိမ်ဖြူတော်က ထုတ်ပြန်ချက်တခုမှာ “အခွန်ဆောင်သူတွေဟာ အစွန်းရောက်ဝါဒဖြန့်ချိရေးအတွက် ဆက်ပေးစရာမလိုတော့ဘူး”လို့ ဖော်ပြထားပြီး လက်ဝဲယိမ်းဘက်လိုက်မှု စွဲချက်အပါအဝင် VOA အပေါ်  ဝေဖန်မှုတွေကို ဖော်ပြထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013