ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှာ မတ် ၁၇ ရက် ဒီနေ့မနက် ၄ နာရီ ၄၈ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၆ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်၊ ရာမညလမ်းမကြီး ၇ လမ်း၊ လမ်းသွယ် ၈ လမ်းမှာရှိတဲ့ နေအိမ်တလုံးကနေ ပေါ့ဆမီးကြောင့် စတင်လောင်ကျွမ်းခဲ့ပြီး တခြား အိမ်နီးချင်း နေအိမ် ၅ လုံးအထိပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မနက်ပိုင်း နှင်းစိုစိုနဲ့ဆိုတော့ သက်သာတာ။ အချိန်မီ မီးထိန်းနိုင်လို့၊ မဟုတ်ရင် အခုထက် ဆုံးရှုံးတာ ပိုများတယ်။ အခုအိမ်တွေက လုံးဝပြာကျသွားတာ၊ ဘာတခုမှ ပြန်မရပါဘူး” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်တွေ အပါအဝင် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။
မီးလောင်ကျွမ်းတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်ပိုင်ရှင်ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။