Home
မြန်မာသတင်း
ပုသိမ်တွင် စစ်သားစုဆောင်းခံထားရသည့် လူငယ် ၁၀၀ ကျော် ကချင်ဘက်ကို အပို့ခံရ
DVB
·
March 11, 2025

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ် ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ကျောင်းအမှတ် ၆ မှာ အဓမ္မစုဆောင်းခံထားရတဲ့ အရပ်သား စစ်မှုထမ်းလူငယ် ၁၀၀ ကျော်ကို ကချင်ပြည်နယ်ဘက်ကို ပို့လိုက်တယ်လို့  လေ့ကျင့်ရေးကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်မှုထမ်း ဥပဒေအမိန့်နဲ့ ဧရာဝတီတိုင်းထဲမှာ  အဓမ္မစစ်မှုထမ်းစစ်သားအဖြစ် စုဆောင်းခဲ့တဲ့ အရပ်သား လူငယ် ၁၀၀ ကျော်ကို  မတ် ၈ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ပို့လိုက်တာလို့  နီးစပ်သူက ဆိုပါတယ်။

“'အပို့ခံရတဲ့ လူငယ်တွေက ဧရာဝတီတိုင်းထဲက လူငယ်တွေပါ။ အားလုံးအယောက် ၁၀၀ ကျော်ကျော် အပို့ခံရတာ။ ကချင်ဘက် ဦးတည်ထားတယ်။ ဗိုလ်ကြီးအဆင့်က ဦးဆောင်ပြီးပို့တာ လို့ သိရတယ်။ စစ်ဆင်ရေးအတွက်လို့ ပြောတာပဲ။”'

အဲဒီလူငယ်တွေဟာ သာပေါင်း၊ မအူပင်၊ မော်ကျွန်း၊ ဘိုကလေး၊ ကျိုက်လတ်၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြ၊ ပုသိမ်၊ ငပုတော စတဲ့မြို့နယ်တွေကနေ အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းအပတ်စဉ် ၈ သင်တန်းတက်ခဲ့တဲ့ လူငယ်တွေလို့ ဆိုပါတယ်။

ငပုတောမြို့နယ်က ဓမ္မစစ်သားစုဆောင်းခံထားရတဲ့ မိသားစုဝင်တယောက်က  “ဟိုဘက် ပို့တယ်၊ ဒီဘက် ပို့တယ် ကြားနေရတာပဲ။ သတင်းတွေက အမျိုးမျိုးကြားနေတာ စိတ်ညစ်ပြီး ရူးတော့မယ်။ စစ်မှုထမ်းအပတ်စဉ် ၈ ကို စတက်ကတည်းက အဆက်အသွယ်ပြတ်နေတာ။ ဆုတောင်းနေရတာပဲရှိတယ်” လို့ ပြောပါတယ်။

ပုသိမ်ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေးကျောင်း အမှတ် ၆ ကနေ စစ်သားစုဆောင်းပြီး ကချင်ဘက် အပို့ခံရတဲ့ လူငယ်တွေအများစုဟာ အသက် ၂၀ ကျော် အရွယ်တွေများပြီး ကျန်းမာရေးမကောင်းဖြစ်နေတဲ့ လူငယ်တွေလည်းပါတယ်လို့ တပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ဧရာဝတီတိုင်း ဝန်ကြီးချုပ်ကို ဧရာဝတီတိုင်းက ပြည်သူ့စစ်မှုထမ်း အများဆုံး ထမ်းဆောင်ဆုပေးခဲ့လို့ အခုလို လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းပေးနေတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013