Home
မြန်မာသတင်း
ပခုက္ကူတွင် ယာဉ်နောက်လိုက်လူငယ် ၁၄ ဦးကို စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီး
DVB
·
March 9, 2025
Photo: ပခုက္ကူမြို့ခံ

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ယာဉ်နောက်လိုက်လူငယ် ၁၄ ယောက်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ပခုက္ကူမြို့ခံတယောက်က “ပခုက္ကူမြို့ပေါ်မှာ အခုတလော ပေါ်တာဆွဲတာတွေ အရမ်းကြမ်းနေတယ်။ မြို့ပေါ်ကနေ ပါသွားတဲ့သူတွေလည်း မနည်းဘူး။ အခုလည်း မြို့ပတ်လမ်း၊ ရွှေချောင်းတံတားထိပ်၊ မြသီတာဂိတ်နဲ့ စက်မှုဇုန်ဂိတ်တွေကနေစောင့်ပြီး လိုင်းကားစပယ်ယာတွေကို ကားပေါ်တွေကနေ ပေါ်တာဆွဲသွားတာ။ ဖမ်းတဲ့အဖွဲ့ထဲမှာ ထွေအုပ်၊ မော်တော်ပီကယ်၊ ရဲတွေ၊ စစ်သားတွေ အဖွဲ့စုံပါတယ်ဗျ။ အဖမ်းခံရတဲ့သူတွေရဲ့ မိသားစုတွေက  အဲဒီနေ့ရော နောက်နေ့ရော ပခုက္ကူထွေအုပ်ရုံးကို သွားရွေးကြတော့ ဘာကြောင့်လဲတော့မသိဘူး၊ ၅ ရက်အတွင်း လာမရွေးနဲ့လို့ပြောလွှတ်လိုက်တယ်” လို့ ပြောပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေဟာ မတ် ၇ ရက်နေ့ မနက်ပိုင်းမှာ ရေစကြိုမြို့ဘက်ကနေ ပခုက္ကူမြို့ကို ထွက်လာကြတဲ့ ယာဉ်လိုင်းတချို့က ယာဉ်နောက်လိုက်တွေဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

ယာဉ်လိုင်းတွေနဲ့နီးစပ်သူတယောက်က “ပေါ်တာဆွဲခံရတဲ့ ယာဉ်နောက်လိုက်တွေက အသက် ၂၀ နဲ့ ၃၀ ကြားအရွယ် လူငယ်တွေပါ။ အဖမ်းခံရတဲ့ ယာဉ်နောက်လိုက် စုစုပေါင်း ၁၄ ယောက်ပါ။ ရွှေသလ္လာမန်း၊ ချင်းတွင်းဧရာနဲ့ သလ္လာဝတီကားလေးလိုင်းတွေကပါ။ ရေစကြိုကနေ မနက်ပိုင်းထွက်လာပြီး ပခုက္ကူအဝင် နေ့လယ်ပိုင်းမှာ အဖမ်းခံကြရတာပါ” လို့ DVB ကို ပြောပါတယ်။

ယာဉ်နောက်လိုက်တွေ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ပခုက္ကူမြို့ကနေ တခြားမြို့တွေဆီ ပြေးဆွဲမယ့် ယာဉ်လိုင်းတချို့လည်း မပြေးဆွဲရဲတော့ဘဲ ခရီးစဉ်တချို့ ယာယီရပ်နားထားတယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မြေပြင်အင်အားဖြည့်တင်းဖို့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွက် လူငယ်တွေအနေနဲ့စစ်ကျွန်မခံကြဘဲ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဝင်ရောက်ကြဖို့လည်း မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013