
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ကွတ်ခိုင်မြို့တို့မှာ မြို့စောင့်တပ်ဖွဲ့ဖို့ စာရင်းတွေ ကောက်ခံနေတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။
မိုးကုတ်မြို့နဲ့ ကွတ်ခိုင်မြို့တို့မှာ မြို့စောင့်တပ်ဖွဲ့ဖို့အတွက် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းရှိ မြို့ခံပြည်သူတွေကို စာရင်းကောက်နေတာ မှန်ကန်မှုရှိပြီး လက်ရှိမှာ စာရင်းကောက်ယူဆဲ ကာလသာ ဖြစ်ကာ ရွေးချယ်ခံရသူတွေအနေနဲ့ အခြေခံစစ်ပညာသင်တန်းတွေ တက်ရမယ်လို့ လွေးယေဦးက ပြောပါတယ်။
“လက်ရှိကတော့ စာရင်းတွေကောက်နေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဘယ်တော့ တာဝန်ထမ်းဆောင်ရမလဲ ဆိုတာကတော့ စစ်အခြေခံပညာတွေ သင်ကြားရမှာ ဖြစ်ပါတယ်။ စစ်အခြေခံပညာသင်တန်းတွေ သင်ပြီးရင်တော့ မြို့စောင့်တပ်မှာ ပြန်လည် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။”
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ ဒေသတွေထဲက တခုဖြစ်တဲ့ နန့်ခမ်းမြို့မှာ မြို့စောင့်တပ်ဖွဲ့စည်း ဆောင်ရွက်ပြီးပြီ ဖြစ်တဲ့အတွက် မိုးကုတ်မြို့နဲ့ ကွတ်ခိုင်မြို့တို့မှာ မြို့စောင့်တပ်ဖွဲ့ဖို့အတွက် ဆောင်ရွက်ရတာလို့ ဆိုပါတယ်။
ဒီလို မြို့စောင့်တပ်ဖွဲ့ဖို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် မိုးကုတ်မြို့ခံတွေအနေနဲ့ စိုးရိမ်နေကြပြီး ရပ်ဝေးရောက်ရှိနေသူတွေဟာ ဇာတိမြေ မိုးကုတ်ကို ပြန်မလာရဲကြဘူးလို့ ရန်ကုန်ကို ရောက်နေတဲ့ မိုးကုတ်မြို့ခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီလို စစ်မှုထမ်းဖို့ လုပ်တာတော့ အဆင်မပြေဘူး။ မြို့စောင့်တပ်ဖွဲ့ဖို့ စာရင်းတွေ ကောက်နေတယ် ကြားတော့ ပြန်ရမလိုလို မပြန်ရမလိုလိုနဲ့ ရန်ကုန်မှာ သောင်တင်နေတာ။ လူထုရဲ့ သဘောဆန္ဒတော့ ရယူသင့်တယ်။ ဆန္ဒမရှိသူတွေကို အတင်းအကျပ် လုပ်ခိုင်းမယ်ဆိုရင်တော့ ပြည်သူလူထု ထောက်ခံမှု လျော့ကျသွားပါလိမ့်မယ်။”
မိုးကုတ်မြို့က လီဆူးနဲ့ ဂေါ်ရခါးလူမျိုးတွေကို စုစည်းပြီး သင်တန်းပေးကာ တပ်ရင်းတခု ဖွဲ့စည်းထားပြီး လက်ရှိမှာ စာရင်းကောက်ယူနေတာတွေကြောင့် ရှောင်တိမ်းနေသူတွေလည်း ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဇူလိုင်လက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာ TNLA က အဓိက အုပ်ချုပ်နေတဲ့မြို့လည်း ဖြစ်ပါတယ်။