Home
မြန်မာသတင်း
ကွတ်ခိုင်က KIA ဆက်ဆံရေးရုံးနှင့် ဒေသကာကွယ်ရေးရုံးကို TNLA စီးနင်းဖယ်ရှား
DVB
·
March 8, 2025
photo:ဒေသခံများ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဆက်ဆံရေးရုံးနဲ့ ဒေသကာကွယ်ရေးရုံးကို မတ် ၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး TNLA တပ်ဖွဲ့က စီးနင်းဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ကွတ်ခိုင် ဆက်ဆံရေးရုံးမှာ TNLA နဲ့ KIA ပြဿနာ ဖြစ်နေတယ်။ KIA တပ်ဖွဲ့ကို TNLA တပ်ဖွဲ့က မောင်းထုတ်နေတာ။ ရုံးကပစ္စည်းတွေကိုလည်း သယ်ထုတ်နေတယ်” လို့ ပြောပါတယ်။

ကွတ်ခိုင်မြို့ကနေ တာမိုးညဲ သွားတဲ့လမ်းတလျှောက်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရော TNLA ရော အတော်ရှုပ်နေပြီး ကွတ်ခိုင်က KIA တပ်ဖွဲ့ဝင် ၃ ယောက်ကိုလည်း TNLA တပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

ဒေသခံအမျိုးသားတယောက်က “KIA ဆက်ဆံရေးရုံးက စစ်ကောင်စီရှိကတည်းက ရှိတာပါ။ ဒီ ကမ္ဘောဇနားကရုံးကတော့ စစ်ကောင်စီ မရှိတော့မှဘဲ KIA တပ်ဖွဲ့တွေ လာနေတာပါ။ ကျနော်တော့ ဘယ်အချိန် အဲလိုဖြစ်လာမလဲဆိုပြီး စိုးရိမ်နေတာ အရင်ကတည်းက” လို့ ပြောပါတယ်။

လက်ရှိက ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို အဓိကတိုက်ထုတ်ရမှာဖြစ်တာကြောင့် ပြဿနာ မကြီးအောင် ရှောင်ရှားနိုင်တာက အကောင်းဆုံးပဲလို့ သူက ပြောပါတယ်။

နှစ်ဖက် အဖွဲ့အစည်းအနေနဲ့ ဘယ်လိုညှိနှိုင်းဖြေရှင်းကြမလဲ ဆိုတာကို စောင့်ကြည့်နေတယ်လို့လည်း ဆက်ပြောပါတယ်.

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ပြဿနာဖြစ်လာရင် လက်နက်နဲ့ ဖြေရှင်းတာမျိုး လုံးဝမလုပ်ဖို့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA တပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ KIA ဗဟို ကနေ ညွှန်ကြားထားပါတယ်။

TNLA နဲ့ မဟာမိတ် KIA တို့အကြား မြေပြင်ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတင်းမာတာတွေ ဆက်လက်မကြီးထွားစေဖို့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က မန်တုံလူထုတွေ့ဆုံပွဲမှာ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုဖို့၊ မဟာမိတ် တည်တံ့ခိုင်မြဲစေဖို့အတွက် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမယ့်အချိန်ဖြစ်လို့ မဟာမိတ်ကတိကဝတ်ကို ရှေးရှုပြီး မဟာမိတ်တွေအကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပွားလာစေဖို့ မဟာမိတ်နှစ်ဖက်လုံးက သတိထားဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ဆက်ဆံရေးတင်းမာတာတွေကို ညှိနှိုင်းဖြေရှင်းရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ဖော်ပြ ထားပါတယ်။

အခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တို့အကြား ပွတ်တိုက်မှု ခပ်စိပ်စိပ်ဖြစ်လာသလို KIA တပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့အကြားမှာလည်း ပွတ်တိုက်မှုတွေ ရှိနေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013