
ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ သောကြာနေ့ မတ် ၁၄ ရက်မှာ သမိုင်းဝင်စံချိန်တင်တဲ့ တအောင်စကို ဒေါ်လာ ၃,၀၀၀ ကို ပထမဆုံးအကြိမ် ကျော်လွန်သွားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး မသေချာ မရေရာမှုတွေကြားမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ ဘေးကင်းလုံခြုံတဲ့ပိုင်ဆိုင်မှုအဖြစ် ရွှေကို အလုအယက် ဝယ်ယူနေကြတာကြောင့် ရွှေဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။
ဒူဘိုင်းမြို့က ရွှေဈေးတန်းမှာလည်း ဝယ်သူအများအပြားကို ရွှေဆိုင်တွေနားမှာ တွေ့မြင်ရပါတယ်။
သတ္တုကုန်သည်တယောက်ဖြစ်တဲ့ တိုင်ဝေါင်က “ထရမ့်ပ်ရဲ့ စတော့ဈေးကွက် အပြောင်းအလဲတွေကြောင့် စိတ်သောကရောက်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ အန္တရာယ်ကင်းတဲ့ပိုင်ဆိုင်မှုအဖြစ် ရွှေကို အဓိကထား ရှာဖွေနေကြတာကြောင့် ရွှေဈေးက ဒေါ်လာ ၃,၀၀၀ ကိုကျော်သွားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံရေး မငြိမ်သက်မှုတွေကြားမှာ တန်ဖိုးကို ထိန်းသိမ်းနိုင်တဲ့ ဘေးကင်းလုံခြုံတဲ့ ပိုင်ဆိုင်မှုအဖြစ် လူတွေက သတ်မှတ်ကြတဲ့ ရွှေဈေးနှုန်းဟာ ထရမ့်ပ်ရဲ့ အခွန်သတ်မှတ်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်မှုတွေနဲ့ စတော့ဈေးကွက် ကျဆင်းတာတွေကြောင့် အခုနှစ်မှာ ၁၄ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၉၀၀ နဲ့ ၂,၁၀၀ ကြားမှာ အများဆုံး ရှိခဲ့ပါတယ်။
Source: Reuters