Home
မြန်မာသတင်း
တနင်္သာရီတွင် ဆိတ်လာဝယ်သည့် သားအဖကို စစ်တပ်ဂိတ်က ပစ်ခတ်သဖြင့် ဖခင်ဖြစ်သူ သေဆုံး
DVB
·
March 16, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့  သားအဖ ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဖခင်ဖြစ်သူ ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီသားအဖ ၂ ယောက်ဟာ မြိတ်မြို့ကနေ တနင်္သာရီမြို့နယ်မှာ ဆိတ်ဝယ်ဖို့လာရင်း မတ် ၁၁ ရက် နေ့လယ်ပိုင်းအချိန်က ရေဖြူရွာစစ်ဆေးရေးဂိတ်ကို ဖြတ်တဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သား ပစ်ခတ်လို့ ဖခင်ဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဦးရမ်ဇာန်ခန်းရဲ့ လက်မောင်းနဲ့ ဝမ်းဗိုက်တို့မှာ ကျည် ၁ ချက်စီထိမှန်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဆိတ်ဝယ်ဖို့ မြိတ်က တက်လာကြတာပါ။ ရေဖြူဂိတ်ကို ဖြတ်လာတော့ ဂိတ်က မတားလည်း မတားဘူး။ မခေါ်လည်း မခေါ်တော့ သူတို့က ဒီတိုင်းဖြတ်လာတယ်။ အဲဒီမှာ ကင်းပုန်းဝပ်တဲ့ စစ်သားတွေ ပစ်တော့ လက်မောင်းထိတယ်။ ထပ်ပစ်တာမှာ ဝမ်းဗိုက်မှာ ထိတယ်”

ကျည်ထိမှန်တဲ့ ဦးရမ်ဇာန်ခန်းကို မတ် ၁၂ ရက်နေ့မှာ တနင်္သာရီဆေးရုံကနေ  မြိတ်ဆေးရုံကို လွှဲပြောင်းခဲ့ပြီးနောက်  မတ် ၁၄ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

ဆိုင်ကယ်မောင်းနှင်တဲ့ သားဖြစ်သူမှာတော့ ထိခိုက်တာမရှိခဲ့ဘူးလို့ သိရပြီး အရင်ကလည်း အဲဒီစစ်ကောင်စီဂိတ်ကို ဖြတ်သန်းသွားလာလေ့ရှိတယ်လို့ နီးစပ်သူတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီ ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ဦးရမ်ဇာန်ခန်းရဲ့ ရုပ်အလောင်းကို မတ် ၁၅ ရက်နေ့ မနက်ပိုင်းမှာ အစ္စလာမ်ဓလေ့ထုံးစံအတိုင်း သင်္ဂြိုဟ်ခဲ့တယ်လို့  သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013