Home
မြန်မာသတင်း
ရွာလုံးကျွတ်နီးပါးမီးလောင်ခဲ့သည့် မုန်းဇလဲရွာအတွက် အကူအညီများလိုအပ်နေ
DVB
·
March 15, 2025
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး
photo:ပရဟတိတအဖွဲ့ဝင်တဦး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရွာလုံးကျွတ်နီးပါးမီးလောင်ကျွမ်းခဲ့တဲ့ မုန်းဇလဲကျေးရွာက မီးဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပွင့်ဖြူမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တယောက်က “သူတို့ရွာရဲ့ ၄ ပုံ ၃ ပုံလောက် မီးလောင်ဆုံးရှုံးခဲ့တာပါ။ နေဖို့အိမ်တွေ၊ သောက်သုံးရေရဖို့တွေ အဲလိုမျိုး ပြန်လည် တည်ဆောက်ရေးတွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတာပေါ့။ အခု ပြည်တွင်းပြည်ပ အလှူရှင်တွေလှူတာတွေတော့ရှိတယ်။ စစ်တပ်ဘက်ကလည်း နာမည်ကောင်းယူချင်လို့ လာလှူပေးတာတွေမြင်နေရတယ်။ ဒါပေမယ့် လိုအပ်ချက်တွေအများကြီး ရှိသေးတာပေါ့ဗျ” လို့ ပြောပါတယ်။

အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိတဲ့ အဲဒီကျေးရွာမှာ ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ကစပြီး ကျေးရွာအတွင်းနေအိမ်တအိမ်ကနေ ပေါ့ဆမီးကြောင့် ၃ နာရီကြာလောက် မီးလောင်ကျွမ်းခဲ့တာပါ။

အိမ်ခြေ ၃၈၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူ ၁၅၀၀ ဝန်းကျင်ရှိသလို ရွာခံ အသက် ၇၀ အရွယ် ဦးထွေးရင် ဟာလည်း မီးဘေးသင့်သေဆုံးခဲ့သလို နွား ၃ ကောင်၊ မြင်း ၁ ကောင်နဲ့ ဝက် ၁၀ ကောင်တို့လည်း မီးဘေးသင့်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

မုန်းဇလဲကျေးရွာက မီးဘေးသင့်အမျိုးသားတယောက်က “အဲဒီနေ့ကဗျာ၊ ရွာမှာ အလှူကလည်းရှိနေတော့ လူကြီးတွေက အလှူအတွက်အာရုံစိုက်နေတဲ့အချိန် အိမ်တအိမ်မှာ ကျန်ခဲ့တဲ့ကလေးတွေက မီးဆော့ကြတာလား။ သူတို့မိဘတွေကပဲ ချက်ခိုင်းပြုတ်ခိုင်းခဲ့တာလား ဆိုတာတော့ အမှန်အတိုင်းမသိရသေးဘူး။ ဘာပဲဖြစ်ဖြစ် ဖြစ်တာကတော့ဖြစ်သွားပြီးပြီ။ ကျနော်တို့အပါအဝင် မီးဘေးသင့်သူတွေကတော့ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ အဆင်ပြေသလိုနေနေကြရတာပေါ့။ မီးလောက်ပြင်ကို သွားရှင်းတဲ့သူတွေကလည်း ရှင်းကြတာပေါ့ဗျာ။ ဘာမှမရပါဘူး။ အကုန်လုံးမီးကျွမ်းတာပေါ့။ မီးလောင်ခံရတဲ့အထဲမှာ အလှူ့ရှင်အိမ်တောင် ပါသွားသေးတယ်” လို့ ပြောပါတယ်။

အလှူရှင်တွေ လာရောက်လှူဒါန်းနေကြပေမဲ့လည်း တရွာလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့တာကြောင့် မလောက်ငဘူးလို့ သူက ဆက်ပြောပါတယ်။

“အလှူရှင်တွေကို အားနာနာနဲ့ပဲပြောရမှာဘဲ။ မီးဘေးသင့်ထားတဲ့သူတွေကများတော့ အလှူရှင်တွေလာလှူကြတာက ဆင့်ပါးစပ်ထဲနှမ်းပက် ဆိုသလိုပဲ၊ မလောက်ငကြဘူးဗျာ။ အိမ်တွေပြန်ဆောက်ကြဖို့ကလည်း ကျနော်တို့ကတော့ အိမ်ပြန်ဆောက်နိုင်ဖို့ မလွယ်သေးပါဘူးဗျာ။ ကျနော်တို့တင်မဟုတ်ဘူး တော်တော်များများလည်း အိမ်တန်းပြန်ဆောက်ဖို့ အဆင်မပြေကြသေးဘူး။ လောလောဆယ်တော့ အဆင်ပြေသလို နေကြရမှာပေါ့ဗျာ” လို့ VB ကို ပြောပါတယ်။

မတ် ၁၄ ရက်နေ့၊ ညနေပိုင်းအထိ မုန်းဇလဲကျေးရွာက မီးဘေးသင့်ခဲ့ရတဲ့အပျက်အစီးတွေကို ပရဟိတအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းရှင်းလင်းနေကြဆဲဖြစ်တယ်လို့လည်း ကူညီဆောင်ရွက်ပေးနေကြသူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013