Home
ရုပ်သံ
စစ်ကောင်စီဝါဒဖြန့်အကောင့်များ ဖေ့စ်ဘွတ်ခ်ပေါ် ခြေကုပ်ယူရန် ပြန်ကြိုးစားလာ
DVB
·
March 13, 2025

ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒပြောင်းလဲလိုက်တဲ့နောက်မှာ ဖြုတ်ချခံထားရတဲ့ စစ်ကောင်စီ လော်ဘီအကောင့် တွေနဲ့ သတင်းတု သတင်းမှားတွေ ဖြန့်ဝေနေတဲ့ ဝါဒဖြန့်သတင်းပေ့ချ်တွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန်လည်အခြေချဖို့ ကြိုးစားလာနေကြောင်း Fact Checking- သတင်းစိစစ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်၊၊

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ Meta ကနေ သူရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာ Fact-Checking စနစ်ကို ဖယ်ရှားလိုက်တဲ့နောက်မှာ မြန်မာနိုင်ငံက စစ်ကောင်စီဝါဒဖြန့်အကောင့်တွေ ပြန်ပေါ်လာသလို သတင်းတု သတင်းမှားတွေ ဖြန့်ဝေတတ်တဲ့ ကျော်စွာ၊ ကိုသက် စတဲ့ အကောင့်တွေလည်း ဖေ့စ်ဘွတ်ခ်မှာ ပြန်ပေါ်လာနေပြီး သတင်းတု သတင်းမှားတွေ ဖြန့်ဝေနေကြောင်း DVB fact checking Team က စိစစ်တွေ့ရှိထားပါတယ်။

DVB fact check အဖွဲ့တာဝန်ခံ ဦးပြည့်စုံက “အချက်အလက်စစ်ဆေးတဲ့ Fact- Checking စနစ်ကို ပယ်ဖျက်ပြီး Community notes နဲ့ အစားထိုးမယ်လို့ ကြေညာလိုက်ပြီးနောက်မှာ စစ်ကောင်စီ ဝါဒဖြန့်လော်ဘီ အကောင့်တွေဟာ ဖေ့စ်ဘွတ်ခ်ပေါ်ကို ခြေကုပ်ပြန်ယူဖို့ ကြိုးစားခဲ့တာကို သိသိသာသာ တွေ့ရတယ်။ ဇန်နဝါရီလကတည်းကနေ နာမည်ကြီးအကောင့်တွေ ကိုသက်တို့၊ ကျော်စွာတို့ လို အကောင့်တွေ ပြန်လာဖွင့်ခဲ့တယ်။ ဒါပေမဲ့  ဖြုတ်ချခံခဲ့ရတာမျိုးတွေလည်း ရှိခဲ့တယ်။ စစ်မှုထမ်းအကြောင်း ဝါဒဖြန့်တဲ့ ပျိုမေအကောင့်ဆိုလည်း ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်လာတာ နှစ်ခု သုံးခုအထိ ရှိလာတယ်။ ဒီမတ်လဆန်းမှာ ထူးခြားတာ တွေ့လာရတာတော့ တချို့အကောင့်တွေ ဖြစ်တဲ့ မှိုင်းဝေတို့၊ မောင်မောင်တို့လို အကောင့်တွေဟာ အခုချိန်ထိ ဖြုတ်ချမခံရသေးဘူး။ Fact- Checking ကို ဖယ်ပြီး  Community notes နဲ့ အစားထိုးမယ်ဆိုတာကလည်း Community notes ဆိုတာ ဘယ်သူမဆို ဝင်ရေးနိုင်တဲ့အတွက် အုပ်စုဖွဲ့ လွှမ်းမိုးသွားနိုင်မယ့် အခြေအနေမျိုးတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်သူတွေရဲ့ အကောင့်တွေ၊ ပေ့ချ်တွေကို ဖေ့စ်ဘွတ်ခ်ကဖယ်ရှားခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလနောက်ပိုင်းမှာတော့ ပြန်လည်ခြေကုပ်ယူဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ် မူဝါဒအပြောင်းအလဲက အမေရိကန်မှာပဲ စတင်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အသက်မဝင်သေးဘူးလို့  The Red Flag အဖွဲ့က ပြောပါတယ်။

The Red Flag ရဲ့ တာဝန်ရှိသူတယောက်က “ဖေ့စ်ဘွတ်ခ်က တရားဝင်ကြေညာထားတဲ့ မူဝါဒတွေ ရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းဖို့ ကြိုးပမ်းကြံစည်တဲ့နောက်မှာပဲ စစ်တပ်က တိုက်ရိုက်ထိန်းချုပ်ထားတဲ့ စာမျက်နှာတွေ၊ အကောင့်တွေ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ စီးပွားရေးစာမျက်နှာတွေကို ဖယ်ရှားမယ်ဆိုတဲ့ မူဝါဒတွေကို ဖေ့စ်ဘွတ်ခ်က ကြေညာခဲ့တဲ့ဟာတွေ တွေ့ရတယ်။ အဲဒီအပြင် စစ်တပ်ရဲ့ အကြမ်းဖက်တဲ့လုပ်ရပ်ကို အားပေးအားမြှောက်ပြုတာမျိုးတွေ လုပ်ရင် ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားခံရမယ်ဆိုပြီး ကြေညာထားတာလည်း ရှိပါတယ်။ ပြည်သူတွေကို ပစ်မှတ်ထားပြီး အန္တရာယ်ပြုတဲ့အကြောင်းအရာတွေ  ဖြန့်ဝေနေတဲ့ကြောင့် ပြန်ဖြုတ်ချခံရတာ ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက သတင်းတု သတင်းမှားတွေ ဖြန့်ဝေဖို့ ကြိုးစားနေချိန်မှာပဲ ပြည်တွင်းထဲ အင်တာနက် ကန့်သတ်ခံရမှုတွေလည်း တိုးလာတာဖြစ်လို့ သတင်းနဲ့ အချက်အလက်စိစစ်ရေးလုပ်ငန်းတွေက အားကောင်းဖို့လိုကြောင်း အဖွဲ့တွေက ဆက်ပြောပါတယ်။

Beautifier of diversity မှ  Grace က  “ဖေ့စ်ဘွတ်ခ်က  ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတယ် ဆိုဦးတော့၊ မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့်ချိမှုတွေကို တဆင့်ဝါဒဖြန့်ပေးနေတဲ့သူတွေ ဖြစ်ပြီးတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုကို ဦးတည်တဲ့ သတင်းအချက်အလက် အမှားတွေကို ဖြန့်ဝေနေကြတာပဲ ဖြစ်ပါတယ်၊ ဒါတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မီဒီယာသိမှုပညာ အားနည်းတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာဆို ပိုပြီးတော့ သတင်းတု သတင်းမှားတွေ၊ ပိုပြီးတော့ သတင်းတု သတင်းမှားနဲ့ ပတ်သက်တဲ့ ထိခိုက်မှုတွေ ပိုဆိုးလာနိုင်တယ်ပေါ့။ ဒါတွေအပြင် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ နေရာတွေမှာဆို ပိုပြီးရင်ဆိုင်ရနိုင်တယ်ပေါ့”လို့ ပြောပါတယ်။

ဒီလိုအခြေအ‌နေမှာ စစ်ကောင်စီဝါဒဖြန့် အကောင့်တွေ စာမျက်နှာတွေက နာမည်တမျိုးနဲ့ မရရင် တခြားတမျိုးနဲ့ ဆက်တိုက်ဖွင့်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ခြေကုပ်ယူဖို့ ကြိုးစားနေတာကို ရှာဖွေတွေ့ရှိထားကြောင်း အဖွဲ့တွေအားလုံးက တညီတညွတ်တည်း ပြောပါတယ်၊

ဖေ့စ်ဘွတ်ခ်ရဲ့ အချက်အလက်စိစစ်တဲ့ Fact Checking စနစ်က ၂၀၁၆ ခုနှစ်မှာ စတင်မိတ်ဆက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၇ ရက်မှာတော့ ဒီစနစ်အစား သုံးစွဲသူတွေကိုယ်တိုင် မှတ်ချက်ရေးသားတဲ့ Community driven system နဲ့ အစားထိုးသွားမယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ ထူထောင်သူ ဇူကာဘာဂ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013