Home
မြန်မာသတင်း
ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယ လိုချင်၊ မြန်မာ့အချုပ်အခြာအာဏာ လေးစားရန် စစ်ကောင်စီ တုံ့ပြန်
DVB
·
March 13, 2025

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ကဘော်ချိုင့်ဝှမ်းကို သိမ်းယူပြီး မဏိပူရပြည်နယ်ထဲ ထည့်သွင်းဖို့ အိန္ဒိယ လွှတ်တော်အမတ်တယောက်က အဆိုတင်သွင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာ့အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဒီကဘော်ချိုင့်ဝှမ်းဒေသနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် ယခင်တုန်းကလည်း ၂၀၁၃ တုန်းကလည်း အိန္ဒိယရဲ့ အတိုက်အခံပါတီတခုဖြစ်တဲ့ BJP ပါတီက တမူး- ကလေး-မင်းကင်းမြို့နယ် တွေပါဝင်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်ယူပေးမယ်ဆိုပြီး မဲဆွယ်တာမျိုး ရှိခဲ့တယ်။ ဒါတွေကိုလည်း ကလေးမြို့မှာကော၊ မင်းကင်းမြို့မှာကော ဒေသခံတွေက ဆန္ဒပြ ကန့်ကွက်ခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ပြောကြားချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းအဖြစ် အမြဲရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ဘူးဆိုတာ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်”လို့ ပြောပါတယ်။

အိန္ဒိယဘက်က အဆိုပါ တောင်းဆိုမှုကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က အိန္ဒိယ အထက်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာအစည်းအဝေးမစတင်ခင်မှာ မဏိပူရပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လေရှမ်ဘ ဆာနာဂျိုဘာက ပြောလိုက်တာဖြစ်ပါတယ်။

၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်းသဘောတူညီမှုနဲ့ ၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပြေငြိမ်း ရန္တပိုစာချုပ်တွေအရ သတ်မှတ်ထားတဲ့ လျော်ကြေးကို မြန်မာနိုင်ငံဘက်က ဆက်လက်ပေးချေဖို့၊ ဒါမှမဟုတ် ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည်သိမ်းယူပြီး မဏိပူရပြည်နယ်အတွင်း ထည့်သွင်းရမယ်လို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကဘော်ချိုင့်ဝှမ်းဒေသကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ တမူးခရိုင်အတွင်းက နယ်နိမိတ်တွေ ပါဝင်နေသလို လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အိန္ဒိယလွှတ်တော်အမတ်တချို့ရဲ့ ခုလို အချုပ်အခြာအာဏာထိပါးပြောဆိုမှုဟာ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် အောက်ကျနောက်ကျဖြစ်နေတာကို မီးမောင်းထိုးပြနေတဲ့ အကြောင်း People’s Spring သတင်းကို ဖြေကြားထားပါတယ်။

ဒေါ်ဇင်မာအောင်က “အခု အဲဒီ ပြည်သူအများစုက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို တရားမဝင် ဖမ်းဆီးစွပ်စွဲ အကျဉ်းချထားတဲ့အပြင် အချုပ်အခြာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ စိတ်ရော ကိုယ်ရော ပင်ပန်းဆင်းရဲမှုတွေ ဖြစ်အောင် ဖိနှိပ်ရက်စက် အကြမ်းဖက်နေမှတော့ ကျမတို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ အားနည်းချည့်နှဲ့တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုတဲ့ အခြေအနေဆိုက်နေပြီဆိုတဲ့ ပြယုဂ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။

လတ်တလောမှာတော့ အဆိုပါ ကဘော်ချိုင့်ဝှမ်းကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးဘက်က တုံ့ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနဲ့ အတူပဲ အရင်ကအတိုင်း သဘောတူထားတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် အတိုင်းပဲ နေထိုင်နေသလို မိတ်ဆွေကောင်းပီသစွာ နေထိုင်နေတယ်လို့ ပြောပါတယ်။

“မြန်မာ-အိန္ဒိယ နယ်စပ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် မြန်မာ-အိန္ဒိယ နယ်စပ်ဟာ ၁၀၁၀ မိုင် ကျော် ရှည်လျားပါတယ်။ ၁၆၂၆ ကီလို မီတာရှိပါတယ်။ တိုင်းတာပြီး ၉၀၇ မိုင် ကျော်ရှိပါတယ်။ ကီလိုမီတာအားဖြင့် ၁၄၆၀ ကျော် တိုင်းတာပြီးဖြစ်ပါတယ်။ အများစု တိုင်းတာပြီးဖြစ်ပါတယ်။ အခု ပြောဆိုနေတဲ့ ကဘော်ချိုင့်ဝှမ်းဒေသဆိုတာလည်း ယခင်တိုင်းတာပြီး အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်ချက်အနေနဲ့ ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ချုပ်ဆိုထားတဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလည်း ရှိပြီးဖြစ်ပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အသိပေးသင့်တာတွေ၊ ပြောဆိုသင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရသူက  ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013