Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်သား ၃ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
March 13, 2025

စစ်ကိုင်းတိုင်း ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဆီကို စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ BNRA တပ်ဖွဲ့က မတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်နဲ့ ပုလဲမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဖေဖော်ဝါရီ ၂၇ ရက်နဲ့ မတ် ၆ ရက်နေ့တွေက ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဆီကို အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

BNRA တပ်ဖွဲ့ရဲ့ ဗဟိုသတင်းပြန်ကြားရေးတာဝန်ခံက “တပ်မ ၃၃ စစ်ကောင်စီတပ်က ဒုတပ်ကြပ် လှမင်းက MA1 သေနတ် ၁ လက်နဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဝင်ရောက်လာတာဖြစ်ပြီး မတ်လ ၆ ရက်နေ့က ပုလဲမြို့ထွေအုပ်ရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးက MA 1 သေနတ် ၁ လက်နဲ့ သေနတ်ကျည် ၄၉ တောင့်နဲ့အတူ BNRA တပ်ဖွဲ့ကို ချိတ်ဆက်ပြီး ဝင်ရောက်လာတာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

မတ် ၆ ရက်က ဝင်ရောက်လာတဲ့ ပုလဲထွေအုပ်ရုံးက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ စစ်ကောင်စီတပ်က မတရား တပ်သားသစ် စုဆောင်းခံခဲ့ရသူတွေဖြစ်ပြီး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို တယောက် မြန်မာကျပ်ငွေ သိန်း ၂၀ ဆီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်စလုံးကို လုံခြုံရေးစိတ်ချရတဲ့ နေရာတွေကို ပို့ဆောင်ပေးခဲ့ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်ဖွဲ့ဝင်တွေရော စစ်မှုထမ်းဥပဒေကြောင့် မဖြစ်မနေ စစ်တပ်ထဲ ရောက်ရှိနေသူတွေပါ အခွင့်အရေးရရင် ရသလို တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် ပူးပေါင်းအလင်းဝင်ဖို့ BNRA တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက်ကလည်း ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဆီ အလင်းဝင်ရောက်လာတယ်လို့ BNRA တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013