Home
မြန်မာသတင်း
နွားထိုးကြီး၌ ဖမ်းမိသည့် စစ်သုံ့ပန်း ဗိုလ်မှူး၊ ဗိုလ်ကြီးအပါ ၁၄ ဦးကို MOD ထံ လွှဲပေးမည်
DVB
·
March 12, 2025

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးတယောက်နဲ့ ဗိုလ်ကြီးတယောက် အပါအဝင် ၁၄ ယောက်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနဆီ လွှဲပြောင်းပေးဖို့ စီစဥ်နေတယ်လို့  နွားထိုးကြီးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

နွားထိုးကြီးမြို့နယ်  ဝက်လူးရဲစခန်းကနေ ကျေးရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို မတ် ၉ ရက် မနက် ၉ နာရီမှာ ကျားတွင်းဘိုးကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံရတာပါ။

တိုက်ပွဲအတွင်း တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅၊ ခလရ ၂၅၃ တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှူးဝင်းလှိုင်ဦး၊ ဗိုလ်ကြီးအောင်ကိုကို၊ တပ်ကြပ်နဲ့ ရဲဘော်တွေ အပါအဝင် စစ်ကောင်စီတပ်သား ၁၄ ယောက်ကို သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့တာပါ။

အမှတ်(၄-၁၀) တပ်ရင်း မြင်းခြံခရိုင်မှ ကိုစိုးအောင်က “သူတို့ကတော့  ကာကွယ်ရေးဝန်ကြီးဌာနဘက်ကို လွှဲပြောင်းဖို့တွေတော့ လုပ်နေတယ်။ ဖမ်းပြီးတော့မှ သိတာပေါ့၊ တိုက်ပွဲထဲမှာတော့ ကျနော်တို့ မေးချိန်လည်းမရဘူး။ တချို့တဝက်ကတော့ ဆေးကုသမှု ခံယူနေတယ်။ တချို့တဝက်ကတော့ ဒဏ်ရာမရတာတွေလည်း ရှိတယ်။ သူတို့ကို မိတဲ့နေ့ကတည်းက တန်းလွှဲပေးလိုက်တယ်။ သူတို့ကိုတော့ လုံခြုံတဲ့ဘက်တွေ ပို့ပေးလိုက်ပါပြီ။ ကျနော်တို့မြို့နယ်တွေ ကျနော်တို့နယ်ဘက်တွေမှာတော့ လုံခြုံတဲ့နေရာမရှိတော့ ထိန်းသိမ်းရ အဆင်မပြေဘူး။ သုံ့ပန်းတွေက ဗိုလ်မှူးတယောက်ရယ်၊ ဗိုလ်ကြီးတယောက်ရယ်၊ တပ်ကြပ်တို့ ရဲဘော်တို့ အစုံပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲကြာချိန် ၇ နာရီလောက်ရှိပြီး  စစ်ကောင်စီတပ်သား အယောက် ၅၀ နီးပါး သေဆုံးခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၅ ကြိမ် လေကြောင်းပစ်ကူပေးခဲ့တာကြောင့် နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် ၃ ယောက်နဲ့ NPDF က ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၄၄ လက်နဲ့ ကျည်အမြောက်အမြား ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နွားထိုးကြီးမြို့နယ် တာဝန်ရှိသူက “ကျနော်တို့နယ်ထဲမှာကျတော့ ဝက်လူးစခန်းက နွားထိုးမြို့ရဲ့ မြောက်ဖျားမှာရှိတယ်။ အဲဒီရဲစခန်းကနေ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းက ပတ်သွားနေတယ်။ အဲ့စခန်းဝန်းကျင်ကို၊ ဝက်လူးရဲစခန်းကအထွက် ကျားတွင်းဘိုးရွာနဲ့ ဗဟက်တောကြားထဲမှာ တိုက်ပွဲဖြစ်တာဗျ။ ညနေပိုင်းမှာ အပြီးအစီးဖြစ်သွားတာ၊ တိုက်ပွဲပြီးပြီးချင်းဆိုတော့ အလင်းဝင်လာတဲ့သူတွေရယ်၊ လက်နက်ခဲယမ်းတွေရယ်၊ နယ်မြေရှင်းလင်းရေး လုပ်နေတုန်း၊ နောက်ဆုံးတကြိမ်ပေါ့၊ လေကြောင်းက စုစုပေါင်း ၃ ကြိမ် တိုက်ခိုက်တာလေ၊ မြို့နယ်ပကဖထဲက ရဲဘော် ၂ ယောက်ရယ်၊ ရပ်ကျေးပကဖ တာဝန်ခံတဦးလည်း ကျဆုံးတာပေါ့လေ၊ ၃ ယောက်ကတော့ ဒဏ်ရာရတယ်၊ လောလောဆယ်တော့ ဆေးကုပေးနေတာ၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူး” လို့ ပြောပါတယ်။

နွားထိုးကြီးတိုက်ပွဲအပြီး မတ် ၁၁ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သား ၂ ယောက် ထပ်မံ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013