
မကွေးတိုင်း ပေါက်မြို့နယ်မှာ မတ် ၁၁ ရက် ညနေမှာ စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကို မတ် ၁၁ ရက် ညနေ ၃ နာရီကျော်လောက်မှာ ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၂ က စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ပေါက်မြို့နယ် ဒေသခံတယောက်က DVB ကိုပြောပါတယ်။
အဲဒီဗုံးသီးတွေဟာ ထောက်ရှာပင်ကျေးရွာ နေအိမ်ကြားထဲမှာ ကျရောက်ပေါက်ကွဲကာ အသက် ၅၃ နှစ်အရွယ် ဒေါ်တင့် သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ် ၂ အိမ်နဲ့ စာသင်ကျောင်းလည်း ဗုံးစထိမှန်ပြီး ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ မတ် ၅ ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ စက်တပ်လေထီး ၂ စီး ပစ်ခတ်ခံရပြီး လေထီးမောင်းသူတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။