Home
မြန်မာသတင်း
ရေဦးတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
March 11, 2025

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် ရွှေပြည်သာရပ်ကွက်၊ မေဂဝန်ကျောင်းအတွင်း ကင်းစောင့်ဖို့လာ နေတဲ့ စစ်ကောင်စီတပ်သားတွေကို မတ် ၁၀ ရက်နေ့ မနက် ၈ နာရီကျော်မှာ ဒရုန်းယာဉ်အသုံး ပြုတိုက်ခိုက်ခဲ့တယ်လို့ ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရေဦးပြည်သူကာကွယ်ရေးတပ်က ဒရုန်းယာဉ် ၃ စီး အသုံးပြုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုပြည့်ကြီးက “ကျနော်တို့ ရေဦးမြို့ပေါ်ကနေ မေဂဝန် ဘုန်းတော်ကြီးကျောင်းဘက်ကို ကင်းပုန်းဝတ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတွေကို ဒရုန်း ၃ စီးနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တာဗျ။ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုလည်း ရှိနိုင်ပါတယ်ဗျ။ အခုထိ မြို့ထဲက ဖရဲသီးသတင်းကို ဆက်သွယ်စုံစမ်းနေပါတယ်ဗျ။ သူ့ဘက်က အခြေအနေမကောင်းလို့လား မသိဘူး။ ဆက်သွယ်လို့မရ ဖြစ်နေတာကြောင့် အထိအခိုက် အကျအဆုံး သတင်းအတိအကျကိုတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။

ရေဦးမြို့ပေါ်မှာ စစ်တပ်က လူငယ်၊ လူလတ်တွေကို အတင်းအဓမ္မဖမ်းဆီးကာ စစ်မှုထမ်းခိုင်းတာကြောင့် လူငယ်တွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ပေါ်ကနေ နယ်ဘက်‌ကျေးရွာတွေကို ထွက်ပြေးတာ တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ရေဦးမြို့ပေါ်လူငယ်တယောက်က “မနေ့က မနက်ခင်းပိုင်းက လက်နက် ပေါက်ကွဲတဲ့အသံတော့ ကြားလိုက်ရတယ်။ ကျနော်တို့နေတဲ့ နေရာရဲ့ တောင်ဘက်ပိုင်းက ဖြစ်မယ်။ ကျနော်တို့လည်း အိမ်ထဲကနေ အိမ်အပြင် မထွက်ရဲဘူး။ ဘာလိုမထွက်ရဲတာလဲဆိုတော့ လမ်းမပေါ်က တွေ့တဲ့ လူငယ်တိုင်းကို ရေဦး အ.ထ.က စာသင်ကျောင်းထဲ ဖမ်းခေါ်ပြီး စစ်မှုမထမ်းမနေရဆိုပြီး ဖမ်းနေလို့ အိမ်ထဲက နေအိမ်အပြင်မထွက်ရဲတာ” လို ပြောပါတယ်။

ရေဦးမြို့ပေါ်ကို ကာကွယ်ရေးတပ်က ဒရုန်းယာဉ်နဲ့ စစ်ကောင်စီစခန်းများကို အကြိမ်ကြိမ် ဗုံးသီးချတိုက်ခိုက်သလို စစ်တပ်ဘက်ကလည်း ဟောင်ဝှစ်ဇာလို ခေါ်တဲ့ လက်နတ်ကြီးများနဲ့ ရေဦးမြို့အနီး ကျေးရွာတွေဆီ ပစ်ခတ်နေတယ်လို့  သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013